အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲတပ်ဖွဲ့ဝင်များကို ရည်ညွှန်း၍ နိုင်ငံ့ဝန်ထမ်းများအား ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းရာတွင် ပါဝင်ထည့်သွင်း ဖွဲ့စည်းသွားရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။
စစ်ခေါင်းဆောင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေအား ဇွန် ၁၉ ရက်၌ လက်မှတ်ရေးထိုး ထုတ်ပြန်၍ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းရာတွင် နိုင်ငံ့ဝန်ထမ်းများကိုပါ တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“သာမန်အရပ်ဖက်က ဥပမာ-ထွေအုပ်လို ဝန်ထမ်းမျိုးကိုတော့ ကော်မရှင်ထဲမှာ ထည့်ကောင်းထည့်ပါလိမ့်မယ်။ သို့သော် ရာနှုန်းပြည့် ဖြစ်နိုင်ချေ ရှိတာကတော့ စစ်သား၊ ရဲတွေကို ဘောင်းဘီချွတ်ပြီး ပို့မယ့်အနေအထားပါ” ဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ပြောသည်။
ယင်းဥပဒေတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၄ ကို ပြင်ဆင်အစားထိုးခဲ့ပြီး ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူ ပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းဖြင့်ဖြစ်စေ အနည်းဆုံး ၃ ဦးဖြင့် ဖွဲ့စည်းရမည်ဟု ဖော်ပြထားကြောင်း သိရသည်။
အဆိုပါပုဂ္ဂိုလ်များအနက် သင့်လျော်သူတစ်ဦးကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်၍ သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ရမည်ဟုလည်း စစ်ခေါင်းဆောင်က ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။
“အခုစစ်ခေါင်းဆောင်ရဲ့ ထုတ်ပြန်ချက်ဟာ သူ့လူတွေကို နှစ်သီးစားဖို့ လမ်းဖွင့်ပေးတာ ဖြစ်သလို နောက်တစ်ခုက သက်ဆိုင်ရာ ကော်မရှင်တွေ၊ ကော်မတီတွေ၊ အစုအဖွဲ့တွေထဲမှာ သူ့ရဲ့ သူလျှိုတွေ သွပ်သွင်းတဲ့လုပ်ငန်းစဥ် ဖြစ်လာလိမ့်မယ်လို့ သုံးသပ်မိပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဆိုသည်။
ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၄ ၌မူ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အများယုံကြည် လေးစားခြင်းခံရသော နိုင်ငံ့ဝန်ထမ်းမဟုတ်သူ အနည်းဆုံး ၃ ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ထိုအနက်မှ တစ်ဦးကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးရမည်ဟု ဆိုထားသည်။
စစ်ခေါင်းဆောင်အနေဖြင့် ယခုကဲ့သို့ ပြင်ဆင်ပြဋ္ဌာန်းခြင်း လုပ်၍မရဘဲ ရွေးကောက်ပွဲ ဥပဒေတစ်ခုကို ပြင်မယ်ဆိုလျှင် ပြည်သူရွေးကောက် တင်မြှောက်ထားသော လွှတ်တော်၌သာ ပြင်ဆင်ရကြောင်း ယခင် ၂၀၂၀ ခုနှစ် နေပြည်တော် ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်းထံက သိရသည်။
“လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှာ ပါဝင်ထည့်သွင်းတာက ရွေးကောက်ပွဲသမိုင်းမှာ မရှိခဲ့ဘူး” ဟု အထက်ပါ ကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးမောင်မောင်က ပြောသည်။
သို့သော် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် လုပ်ငန်းစဥ်များတွင် လိုအပ်သော ကူညီပံ့ပိုးမှုရှိစေရန် ယင်းလက်အောက်ရှိ ရွေးကောက်ပွဲ စေ့စပ်ညှိနှိုင်းရေးကော်မတီ၊ မဲဆန္ဒရှင်စာရင်း ပြုစုရေးအဖွဲ၊ လူဦးရေစာရင်း ကောက်ယူရေးအဖွဲ့ စသည်တို့၌ ထည့်သွင်းပါဝင် ဖွဲ့စည်းမှုရှိကြောင်း သိရသည်။
“ရွေးကောက်ပွဲကော်မရှင်ဆိုတာ ဘက်လိုက်မှုကင်းပြီး တရားမျှတမှု ဖော်ဆောင်ပေးရတဲ့ ဒိုင်လူကြီးသဘောပါ။ နိုင်ငံ့ဝန်ထမ်းဆိုတာက တည်ဆဲအစိုးရရှိတာရယ်၊ ဝန်ထမ်းလုပ်ငန်း တာဝန်ရယ်ကြောင့် တရားမျှတမှုကို ထဲထဲဝင်ဝင်ဆောင်ရွက်ပေးဖို့ အခက်အခဲရှိမယ်” ဦးမောင်မောင်ကဆိုသည်။
ဦးမောင်မောင်သည် လက်ရှိတွင် နေပြည်တော် PDF တွင် ရဲဘော်သိန်းငှက်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး စစ်ခေါင်းဆောင်အပါအဝင် စစ်တပ်ထိပ်တန်းခေါင်းဆောင်များ မဲပေးခဲ့သည့် ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူခဲ့သူဖြစ်သည်။
ဓာတ်ပုံ – စစ်ကောင်စီ