ကျောက်ဖြူတွင် ရဲအုပ်တစ်ဦး လက်နက်အပြည့်စုံ ဖြင့်ထွက်ပြေး

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီ၏ ရဲအုပ်တစ်ဦး လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

ထွက်ပြေးသွားသည့်ရဲအုပ်မှာ အသက် ၃၀ ကျော်အရွယ်ဖြစ်ပြီး ကျောက်ဖြူမြို့နယ် ၊ဂုံးချွိန်ကျေးရွာ အထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ထဲမှ ဖြစ်ကြောင်းသိရသည်။

သူသည် ယနေ့ နံနက်ပိုင်းတွင် တပ်စွဲထားသည့်စာသင်ကျောင်းမှထွက်ပြေးသွားခြင်းဖြစ်ပြီး စစ်တပ်က ဂုံးချွိန်အုပ်စုရှိကျေးရွာများတွင် အသည်းသန်လိုက်ရှာဖွေနေကြောင်းဒေသခံများကပြောသည်။

” အခုမနက်ပိုင်းက ပြေးသွားတာဖြစ်နိုင်တယ်။သူက ရဲတပ်ဖွဲ့က နှစ်ပွင့်ရှိတဲ့ အရာရှိလို့သိရတယ်။ စစ်တပ်ကဂုံးချွိန်ရွာကိုပိတ်ထားပြီးတော့ ရွာထဲလိုက်ရှာနေကြတယ်” ဟု ဒေသခံ သတင်းရင်းမြစ် တစ်ဦးကပြောသည်။

အဆိုပါရဲအုပ်သည် ပစ္စတိုတလက်၊ သေနတ်တစ်လက်၊ လက်ပစ်ဗုံးအပါအဝင် ကျည်ကပ်များ အပြည့်စုံယူ၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်းသိရသည်။

“ပစ္စတိုတွေ လက်ပစ်ဗုံးတွေလည်းပါသွားတယ်လို့သိရတယ်။ ပြီးတော့ သေနတ်အရှည် တစ်လက်။ အဲဒီလိုသေနတ်လည်းပါသွားတယ်လို့ စစ်တပ်ဘက်ကအတွင်းလူတွေဆီကနေသိထားရတယ်။ ” ဟု ဒေသခံတစ်ဦးကပြောသည်။

ဂုံးချွိန်ကျေးရွာအထက်တန်းကျောင်းတွင် စစ်တပ်က ရခိုင်တိုက်ပွဲစတင်ပြီး ၂၀၂၃ ဒီဇင်ဘာလ ကတည်းက တပ်စွဲနေပြီး ဒေသခံများကိုဧည့်စာရင်းစစ်ဆေးခြင်း၊ မသင်္ကါသလိုတွေ့သည်နှင့် ဖမ်းဆီးခြင်း၊ ကျေးရွာအတွင်းကင်းလှည့်သွားလာခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *