စစ်မှုထမ်းဥပဒေထွက်ပြီးနောက် ရောက်ရှိလာသော လူငယ်များကို စစ်သင်တန်းပေးနေပြီဟု တော်ဝင်ဒေါင်း ဆို

စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာပြီးနောက် တော်လှန်ရေးနယ်မြေထဲသို့ ရောက်ရှိလာသော လူငယ် များကို စစ်သင်တန်းပေးနေပြီဖြစ်ကြောင်း တော်ဝင်ဒေါင်းစစ်ကြောင်းထံက သိရသည်။

ပဲခူးတိုင်းအတွင်းရှိ လူငယ်များသည် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းတွင် နီးစပ်ရာ တပ်ရင်း၊တပ်ဖွဲ့များနှင့်KNU နယ်မြေများထံသို့ သွားရောက်သူများပြားကြောင်း ပဲခူးတိုင်းအရှေ့ခြမ်း အခြေစိုက် တော်ဝင်ဒေါင်းစစ်ကြောင်း၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကပြောသည်။

“ကျနော်တို့ စစ်ကြောင်းထံ ဆက်သွယ်လာတာ ဒီ ၂ လပိုင်းနဲ့ ၃ လပိုင်းအစအတွင်းမှာ အရမ်းကို များပါတယ်။ကျနော်တို့ သေချာစိစစ်ပြီး လက်ခံပေးပါတယ်။ကျနော်တို့ဆီ ဝင်ရောက်လာတဲ့ သင် တန်းသားသစ်တွေအတွက် သင်တန်းတွေတောင် စနေပါပြီ” ဟု၎င်း ကပြောသည်။

တော်ဝင်ဒေါင်းစစ်ကြောင်းထံ ဒေသတွင်းလူငယ် ၃၀၀ကျော် ဆက်သွယ်ကြပြီး ရောက်ရှိနေသော လူငယ်အရေအတွက်နှင့် သင်တန်းပေးနေသည့် အရေအတွက်ကိုမူ လုံခြုံရေးအရ ထုတ်မပြောနိုင် သေးကြောင်းဆိုသည်။

“လတ်တလောတော့ အလုံးအရင်းနဲ့ ကျနော်တို့ဆီကို ဝင်ရောက်လာခြင်းမရှိသေးပါဘူး။၂၅ ဦးဝန်းကျင်လောက်ပဲရှိပါသေးတယ်။တချို့ကလည်း စောင့်ကြည့်နေတဲ့သဘောမှာရှိတယ်လို့ ခန့်မှန်းလို့ရပါတယ်။ကျနော်တို့ ထိန်းချုပ်နယ်မြေတွေမှာ အတတ်နိုင်ဆုံး ပြည်သူလူထုကို ခိုလှုံခွင့်ပေးမှာပါ”ဟု Daung Minn Thar – Yedashe-PDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းတွင် Daung Minn Thar – Yedashe-PDF ထံသို့ လူငယ် ၁၀၀ ခန့် ဆက်သွယ်လာကြောင်းသိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေဟုဆိုသော အဓမ္မစစ်သားစုဆောင်းရေးဥပဒေကို ဖေဖေါ်ဝါရီ၁၀ရက်တွင် စစ်ကောင်စီက ပြဌာန်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်များစွာတို့မှာ PDF တပ်များထံသို့ ဝင်ရောက်ခြင်းနှင့် ပြည်ပသို့ ထွက်ခွာခြင်းတို့ ပြုလုပ်နေကြသည်။

မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ရေတာရှည်မြို့၊မြို့မစျေးထဲနှင့် လူစည်ကားရာ လမ်းများပေါ်၌ ရဲနှင့် ထွေအုပ်ဝန်ထမ်းတို့က စစ်မှုထမ်းဥပဒေ ဝါဒဖြန့်လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

“မြို့မစျေးထဲမှာ လိုက်ဝေနေတာ ဒုရဲအုပ် ဉာဏ်ဝင်းထွန်း နဲ့ထွေအုပ်ဝန်ထမ်းတွေပါတယ်ဗျ။သူတို့ပေးတော့လည်း ယူကြရတာပေါ့။ဘယ်လူငယ်မှ သူတို့ထဲ မဝင်ဘူး။နီးစပ်ရာ PDF ထဲသွားရင်သွား၊မသွားရင်လည်း KNU ထဲသွားကြမှာပဲ”ဟု ရေတာရှည်မြို့ခံ လူငယ် တစ်ဦးကပြောသည်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်တွင် ပဲခူးတိုင်းအနောက်ခြမ်းရှိ သာယာဝတီ၊သုံးဆယ်၊ကြို့ပင်ကောက်၊အုတ်ဖို၊နတ်တလင်းနှင့်ပေါင်းတည်မြို့တို့တွင်လည်း စစ်သား၊ရဲနှင့် ထွေအုပ်ဝန်ထမ်းတို့က စစ်မှုထမ်းဥပဒေ ဝါဒဖြန့် လက်ကမ်းစာစောင်များ လိုက်လံဝေခဲ့ကြောင်းသိရသည်။

ယင်းလက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့်များကိုပါ ရေးသား ထားကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *