စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း ဝိုင်းမော်တိုက်ပွဲတွင်သေဆုံး

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းသည် ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲ၌ သေဆုံးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့် ပူးပေါင်းတပ်က ဝိုင်းမော်၊ မိုးမောက် ၊ လိုင်ဇာ ဒေသ စစ်ကောင်စီတပ်စန်း ၁၂နေရာထက်မနည်းကို ယနေ့မနက်တွင် ထိုးစစ်ဆင်ခဲ့ရာ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ဒေသ တိုက်ပွဲ၌ ဦးရွှေမင်းသေဆုံးခဲ့သည်ဟုဆိုသည်။

“ဒီမနက်၇နာရီခွဲခန့်အချိန်တွင်ဝိုင်းမော်ကနေရွှေညောင်ပင်ဘက်ကို 4 wheel ကားတစ်စီးဖြင့်ထွက်လာသည့်ပြည်သူ့ စစ်အဖွဲ့ကိုKIAတပ်ဖွဲ့များကြားဖြတ်တိုက်ခိုက်ခဲ့ရာကားပေါ်ပါလာတဲ့ပြည်သူ့စစ်တပ်ဖွဲ့အားလုံးသေဆုံးခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းလည်းသေဆုံးသွားကြောင်းသိရှိရ” ဟု ကချင် စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

သေဆုံးခဲ့သည့် ဦးရွှေမင်း ၏ ရုပ်အလောင်းကိုလည်း စစ်ရေးသတင်းရင်းမြစ်က ပြသသည်။

ဦးရွှေမင်းသေဆုံးမှုနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

လီဆူ(ဒူးလေး)ပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပြည်သူ့စစ်ဖွဲ့စည်းကာ စစ်ကောင်စီနှင့် ပူးပေါင်း စစ်ရေးလှုပ်ရှားနေခြင်းဖြစ်သည်။ ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်သည် လီဆူးတစ်မျိုးသားလုံးကို ကိုယ်စားမပြုကြောင်း လီဆူလူမျိုးများက ဆန္ဒထုတ်ဖော် ကာ ကန့်ကွက်ထားသည့် အဖွဲ့ဖြစ်သည်။

KIA အနေဖြင့်လည်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ စစ်များနှင့် နယ်ခြားစောင့်တပ်များကို ယခင်ကတည်းက သတိပေးထားသည်။

KIA၏ ယနေ့ စစ်ဆင်ရေးတွင် တပ်စခန်း ၄ခုထက်မနည်းကို သိမ်းပိုက်ရရှိထားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်​ကောင်စီကိုကူညီ​နေ​​သော ပြည်သူ့စစ်အဖွဲ့များမှ ခေါင်း​ဆောင် အား တော်လှန်​ရေးအဖွဲ့အများကတိုက်ခိုက်၍ ​သေဆုံးမှု မှာ ဦး​ရွှေမင်းသည် ပထမဆုံးဖြစ်လာသည်။

KIA နှင့် တိုက်ပွဲတွင် စစ်ကောင်စီသစ္စာခံ လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း သေဆုံး

စစ်ကောင်စီသစ္စာခံ လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ယနေ့ (မတ်လ ၇) နံနက်ပိုင်းက ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

အသက် ၅၅ နှစ်အရွယ် ဦးရွှေမင်းသေဆုံးမှုကို စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် သတင်းဌာနများကလည်း အတည်ပြုပြီး ၎င်းသည် ယနေ့နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် ဝိုင်းမော်မြို့နယ် အောင်မြေသစ်ရွာ အင်လုံခတံတားတိုက်ပွဲတွင် သေဆုံးခဲ့ခြင်းဟု ဆိုသည်။

သတင်းဓာတ်ပုံတွင် ဦးရွှေမင်း၏ ရုပ်အလောင်းတွင် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သွေးထွက်နေသည်ကိုလည်း တွေ့ရသည်။

KIA ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက မြေပြင်တပ်များထံမှ ထိုသတင်းကိုအတည်ပြုနိုင်ရန် ကြိုးစားနေသည်ဟုပြောသည်။

လီဆူအမည် “ဆီဖာလာလူး” ဟု ခေါ်သည့် ဦးရွှေမင်းသည် ယခင်က လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ၏ ဥက္ကဋ္ဌဖြစ်ပြီး အာဏာသိမ်းပြီးနောက် ပါတီဥက္ကဋ္ဌရာထူးကို စွန့်ကာ စစ်ကောင်စီကို သစ္စာခံသည့် လီဆူပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ကချင်ပြည်နယ်အတွင်း လှုပ်ရှားခဲ့သည်။

ထိုသတင်းကို သီးခြားအတည်ပြုနိုင်ရန် လီဆူ/ဒူးလေးပါတီထံ ဆက်သွယ်စုံစမ်းနေသည်။

ဦးရွှေမင်းသည် လီဆူ/ဒူးလေးပါတီတွင် နာယကအဖြစ် ဆက်ရှိနေပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့သည့်နှစ်က ဦးရွှေမင်းကို သီရိပျံချီဘွဲ့ပေးပြီး ချီးမြှောက်ခဲ့သည်။

ထောင်နှင့်ချီသော ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မဟာမိတ်တပ်များသည် ယနေ့နံနက်ပိုင်းက ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ရာ ဦးရွှေမင်းရှိနေသည့် လီဆူပြည်သူ့စစ်စခန်းကိုလည်း ထိုးစစ်ဆင်ခဲ့သည်ဟု မြေပြင်စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

ဦးရွှေမင်းသည် ၂၀၂၃ မှစတင်ကာ ကချင်ပြည်နယ်အတွင်းမှ လီဆူလူငယ်များကို ၎င်းဦးဆောင်သည့် ပြည်သူ့စစ်ထဲ မဝင်မနေရစနစ်ဖြင့် တပ်သားသစ်စုဆောင်းမှုများ ပြုလုပ်ခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *