KIA ပူးပေါင်းတပ်၏မတ်(၇ )စစ်ဆင်ရေး စစ်ကောင်စီစခန်း ၉ ခု ထက်မနည်း သိမ်းနိုင်ပြီ

KIA ပူးပေါင်းတပ်၏မတ်(၇ )စစ်ဆင်ရေး စစ်ကောင်စီစခန်း ၉ ခု ထက်မနည်း သိမ်းနိုင်ပြီဟု စစ်ရေးသတင်းရင်းမြစ်ပြော

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် မဟာမိတ် ပူးပေါင်းတပ်များက စစ်ကောင်စီတပ်စခန်း ၁၂ နေရာထက်မနည်းကို ယနေ့ မတ်လ ၇ ရက်တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ညနေပိုင်းအချိန်တွင် စခန်း ၉ခုထိ သိမ်းထားပြီးဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA ဌာနချုပ် လိုင်ဇာအနီး၊ ဝိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ် ၊ မြစ်ကြီးနား -ဗန်းမော်လမ်းတလျှောက်ရှိ စစ်စခန်းများကို ယနေ့မနက် ၆နာရီမှ စတင်ကာ တစ်ပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ ညနေပိုင်းအချိန်ထိ စစ်ရေး အခြေအနေကို ပြောပြခြင်းဖြစ်သည်။

“တပ်မဟာ(၃) ရင်း ၁၅နယ်မြေထဲက ဂွေကထောင်ကျေးရွာမှာ တပ်စိုက်ထားတဲ့ ရန်သူ့တပ်စခန်းတစ်ခုကို ညနေ ၄နာရီခွဲလောက်မှာ သိမ်းပိုက်ရရှိတယ်။ မိုးမောက်မြို့နယ်ထဲကပေါ့။ မိုးမောက်မြို့နဲ့ သိပ်မဝေးတဲ့နေရာထဲမှာ။ တပ်မဟာ (၃) ရင်း ၁၅နယ်မြေထဲမှာတော့ ဒီနေ့ တပ်စခန်း ၃ခု ရတယ်။ စခန်း ၃ခု သိမ်းပိုက်လိုက်တာပေါ့။ ဟို တပ်မဟာ(၅)နယ်မြေ ထဲမှာတော့ ဒီနေ့ တပ်စခန်း ၆ခုလောက် သိမ်းပိုက်နိုင်တယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် စစ်ကောင်စီတပ်ရင်း (ခမရ-၃၂၁) တပ်ကို ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်သည်ဟု အသိပေးသည်။

KIAနှင့် မဟာမိတ် ပူးပေါင်းတပ်များ သိမ်းရသည့် တပ်စခန်းများမှာ အင်လုန်ခ၊ ဘွမ်ရယ်ဘွမ်၊ မလိ တပ်စခန်းများ ပါဝင်သည်ဟု အခြား KIA သတင်းရင်းမြစ်က ပြောသည်။

ခရာဘွမ်စခန်းကိုပါသိမ်းပိုက်နိုင်ပြီးဖြစ်​ကြောင်းစစ်​ရေးသတင်းရင်းမြစ်တစ်ဦးက​ပြောပြီး အခြားသတင်းရင်းမြစ်ကမူ ခါရာဘွမ် စခန်းသိမ်းပိုက်နိုင်သည်မှာ မသေချာ​သေးဟု​ပြော​သည်။ထို​ကြောင့် ခါရာဘွမ်စခန်းတိုက်ပွဲကိုဆက်လက်အတည်ပြု​နေဆဲ ဖြစ်ပါသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းတလျှောက်ရှိ စစ်ကောင်စီစခန်းများ ထိုးစစ်ဆင်နေမှုကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အသိပေး အတည်ပြု ပြောကြားထားပြီး နောက်ဆက်တွဲ စစ်ရေး အခြေအနေ များကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။ KIA အနေဖြင့် တိုက်ပွဲ သတင်း ထုတ်ပြန်ရာ၌ နှစ်ဖက်ထိခိုက်သေဆုံး၊ လက်နက်ခဲယမ်း ရရှိမှု အခြေအနေများကို အသေးစိတ် ထုတ်ပြန်လေ့မရှိပေ။

ယနေ့ ဝိုင်းမော်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီလက်
အောက်ခံ ၀ိုင်းမော်ဌာနေပြည်သူ့စစ်(လီဆူပြည်သူ့စစ်)
ခေါင်းဆောင် ဦးရွှေမင်းသေဆုံးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

KIA အနေဖြင့် စစ်ကောင်စီတပ်နေရာအများအပြားကိုတစ်ပြိုင်တည်း ထိုးစစ်ဆင်သည့် စစ်ဆင်ရေးအား ယနေ့မနက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ထိုးစစ် အများစုအောင်မြင်မှု ရနေသည့် အခြေအနေဖြစ်သည်။

စစ်ကောင်စီတပ်ကလည်း လေကြောင်း ပစ်ကူများ အသုံးပြု တိုက်ခိုက်လျက်ရှိရာ အရပ်သားသေဆုံးထိခိုက်မှု ရှိသည်ဟု သတင်းများ ရရှိထားပြီးအသေးစိတ် အခြေအနေများ စုံစမ်းနေဆဲဖြစ်သည်။

ကချင်ပြည်နယ် လိုင်ဇာအနီးရှိ ဖွန်းပြန်ဘွမ်စခန်း၊ တာပိန်မြစ်တံတားစောင့်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၉ ခုကို KIA ဦးဆောင်သော မဟာမိတ်တပ်များ သိမ်းပိုက်

ကချင်ပြည်နယ်၊ လိုင်ဇာအနီးရှိ ဖွန်းပြန်ဘွမ်စခန်း၊ တာပိန်မြစ်တံတားစောင့်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၉ ခုကို KIA ဦးဆောင်သော မဟာမိတ်တပ်များက ယနေ့ သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၆ နာရီမှစတင်ပြီး မိုးမောက်မြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၁၂ နေရာထက်မနည်းကို KIA ဦးဆောင်သော မဟာမိတ်တပ်များက စတင်တိုက်ခိုက်ရာ စခန်း ၉ ခုထက်မနည်းကို သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လတ်တလော KIA က သိမ်းပိုက်ရရှိသော စစ်ကောင်စီတပ်စခန်း ၉ ခုမှာ

၁-မလိ စစ်ကောင်စီစခန်း

၂-အင်လုံခ စစ်ကောင်စီစခန်း

၃-ရှဒန်ပါ စစ်ကောင်စီစခန်း

၄-ဘွမ်ရဲ ဘွမ် စစ်ကောင်စီစခန်း

၅-ခယာ စစ်ကောင်စီစခန်း

၆-ဖွန်းပြန် ဘွမ် စစ်ကောင်စီစခန်း

၇-တာပိန်မြစ် စောင့် စစ်ကောင်စီစခန်း

၈-ခလရ ၂၃၇ အနီး ကားကင်းစခန်း

၉-ဂွယ်ကထောင်ရွာ စစ်ကောင်စီစခန်း တို့ဖြစ်ကြောင်း သိရှိရသည်။

လာမည့်ရက်ပိုင်းအတွင်းတွင် KIA ဦးဆောင်သော တော်လှန်ရေးမဟာမိတ် တပ်များက စစ်ဆင်ရေးများ ဆက်လက် ဆောင်ရွက်မည်ဖြစ်ရာ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။

(ခါရာဘွမ် ​တောင်ကုန်း/ KIA က စစ်တပ်စခန်းကိုတိုက်လိုက်သိမ်းပိုက်ပြီး​နောက်မီးရှို့ဖျက်ဆီးစဥ်/ စစ်တပ်ထံမှသိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်းများနှင့် KIA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-CJ ၊ စစ်​ကောင်စီ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *