မြစ်ကြီးနားလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု Mi17 ရဟတ်ယာဉ် တစ်စီးနှင့် လေယာဉ်တစ်စီး ထိခိုက်မှုရှိဟုဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေတပ်ကို ယမန်နေ့နံနက်ပိုင်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက် ခိုက်မှုဖြစ်ပွားခဲ့ပြီး Mi17 ရဟတ်ယာဉ်တစ်စီးနှင့်လေယာဉ်တစ်စီး ထိခိုက်မှုဖြစ်ပွားခဲ့ကြောင်း နေပြည်တော်လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ မတ်လ ၇ ရက်နေ့ နံနက်ပိုင်း မြစ်ကြီးနားလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ ရှော့တိုက်ဒုံး ထိမှန်မှုကြောင့် ရပ်နားထားသော Mi17 ရဟတ်ယာဉ် တစ်စီး ထိမှန်ပျက်စီးခဲ့ပြီး မီးလောင်ခဲ့ကြောင်း၊ အခြားလေယာဉ်တစ်စီးလည်း ထိမှန်ခဲ့ကြောင်း သိရှိရသည်။

“မြစ်ကြီးနား လေတပ် ရှော့တိုက်ဒုံးထိပြီးတော့ Mi 17 ရဟတ်ယာဉ်နဲ့ အခြားတစ်စီး မီးလောင်တယ်။ အဲဒါကတော့ သေချာတယ်ဗျ။နှစ်စီးတော့ ထိပါတယ်” ဟု နေပြည်တော်လေတပ်သတင်းရင်းမြစ်က ရှင်းပြသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်ထံသို့ ဆက်သွယ်မေးမြန်းရာ ကချင်ပြည်နယ်အတွင်းရှိ လေတပ်နှင့်လေယာဉ် ကွင်းတချို့ကို မတ်လ ၇ ရက်နေ့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရသည့် ဖြစ်စဉ်များ ရှိကြောင်း၊ မြစ်ကြီးနားလေတပ်မှ ရဟတ်ယာဉ်နှင့်လေယာဉ် ၂ စီး ရှော့တိုက်ဒုံးထိမှန်မှု သတင်းအပေါ် အသေးစိတ် မသိရှိသေး၍ မှတ်ချက်မပေးလိုကြောင်း ပြောဆိုသည်။

မတ်လ ၇ ရက်နေ့တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက စစ်ကောင်စီ တပ်စခန်းများ၊ လေယာဉ်ကွင်းများ၊ လေတပ်များကို ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်၏ Mi17ရဟတ်ယာဉ်တစ်စီး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *