ပုလဲမြို့ ကြံ့ခိုင်ရေးပါတီမှ တော်လှန်ရေးတွင် အသုံးပြုရန် ကျားသစ်နက်တပ်မတော်ထံ ကားတစ်စီးလှူဒါန်း (ရုပ်/သံ)

ပုလဲမြို့ ကြံ့ခိုင်ရေးပါတီ မြို့နယ်အလုပ်အမှုဆောင်က တော်လှန်ရေးတွင် အသုံးပြုရန် အတွက် ကျားသစ်နက်တပ်မတော်ထံ ကားတစ်စီးလှူဒါန်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့၊ ကြံခိုင်ရေးပါတီမှ မြို့နယ်အလုပ်အမှုဆောင်က တော်လှန်ရေးတွင် အသုံးပြုရန်အတွက်ဟုဆိုကာ ကြံ့ခိုင်ရေးပါတီတွင် အသုံးပြုနေသည့် ကားတစ်စီးကို ကျားသစ်နက်တပ်မတော်ထံ လှူဒါန်းလိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

ကျားသစ်နက်တပ်မတော် တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မတ် ၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ဝန်းကျင်ခန့်က ကြံ့ခိုင်ရေးပါတီရုံးသို့ သွားရောက်၍လှူဒါန်းမှုကို လက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မနေ့က မွန်းလွဲ ၃ နာရီလောက်မှာ ဆက်သွယ်ပြီးလှူဒါန်းလာတာပါ။ တော်လှန် ရေးအတွက် လိုအပ်တဲ့ နေရာမှာသုံးဖို့ ဆိုပြီး လှမ်းခေါ်ပြီးလှူတာ။ အတော်လေးလဲ အံ့သြသွားတယ်။ မယုံရဲ ယုံရဲနဲ့သွားကြတာ။ တပ်ဖွဲ့တွေလိုက်သွားပြီး လမ်းတွေမှာ ကင်းပုန်းတွေချပြီး ကြံ့ခိုင်ရေးရုံးကို သွားကြတာပါ။ ကားက ဘက်ထရီအိုး တစ်လုံးလဲရတယ်၊ ကားတာယာ လေးလုံးလဲရတယ်။ ပုလဲမြို့ထဲမှာ လိုအပ်တဲ့ ပစ္စည်းတွေဝယ်ပြီး ကြံ့ခိုင်ရေးရုံးမှာပဲ တစ်ခါတည်းပြင်ဆင်ပြီး မောင်းပြန်ခဲ့ကြတယ်။ ငါးနာရီလောက်မှာ စခန်းကိုပြန်ရောက်ပါတယ်” ဟု ကျားသစ်နက်တပ်မတော် Black Leopard Army ခေါင်းဆောင် ကိုဥက္ကာက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကြံ့ခိုင်ရေးပါတီမှ လှူဒါန်းသည့် ကားကို ကျားသစ်နက်တပ်မတော်က မောင်းယူ လာပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရောက်ရှိလာကာ ကားအား မည်သည့်က အဖွဲ့ယူဆောင်သွားကြောင်း မေးမြန်းခဲ့ပြီး ဒေသခံများမှ ပြန်လည်ဖြေကြားခြင်းမရှိသည့် အတွက် ကြံ့ခိုင်ရေးပါတီ ရုံးအနီးရှိ နေအိမ်တစ်လုံးကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“စုစုပေါင်းပြင်ရတာ ဆယ့်တစ်သိန်းကုန်တယ်၊ ပစ္စည်းလဲနေချိန် စစ်ကောင်စီဘက်က သုံးယောက်ထွက်လာတယ်၊ ကင်းပုန်းတွေမြင်ပြီးနောက်ပြန်ပြေးကြတယ်၊ ဒီကောင်တွေ မလှုပ်ရဲဘူး ” ဟု ၎င်းကဆက်လက်ပြောသည်။

စစ်ကောင်စီတပ် အပေါင်းအပါများ မီးရှို့ခဲ့သည့် အိမ်သည် စစ်ကောင်စီလက်အောက်တွင် လက်ရှိတာဝန်ထမ်းဆောင်းနေသည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) အိမ်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် မီးသတ်ကားများခေါ်ယူ၍ မီးငြိမ်းသတ်ခဲ့ကာ ကျားသစ်နက်တပ်မတော် တပ်ဖွဲ့ဝင်များ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု သတင်းလွှင့်ထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ ကြံခိုင်ရေးပါတီမှ မြို့နယ်အလုပ်အမှုဆောင်တစ်ဦးက ကြံ့ခိုင်ရေးပါတီတွင် အသုံးပြုနေသည့် ကားတစ်စီးကို ယမန်နေ့ မတ်လ ၆ ရက်နေ့တွင် ကျားသစ်နက်တပ်မတော်ထံ လှူဒါန်းလိုက်သည့် ရုပ်သံဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *