လားရှိုးနှင့် ကျောက်မဲဘက်သို့ စစ်ကောင်စီက စစ်တပ်အင်အား အကြီး အကျယ် ဖြည့်တင်းနေပြီး လက်နက်ခဲယမ်းများ တောက်လျှောက်ပို့နေ

ရှမ်းပြည်နယ်၊ လားရှိုးနှင့် ကျောက်မဲဘက်သို့ စစ်ကောင်စီက စစ်တပ်အင်အား အကြီးအကျယ်ဖြည့်တင်းနေကြောင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍ လက်ရှိအချိန်အထိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့သို့ ပြည်သူ့စစ်များ၊ စစ်မှုထမ်းဟောင်းများကို စစ်သားအဖြစ် ပြန်လည်ခေါ်ယူ ထားသည့် စစ်ကူတပ်ဖွဲ့များ ၊ စစ်ကူအင်အား အမြောက်အမြားကို လားရှိုး ရမခတိုင်းစစ်ဌာနချုပ်ထဲသို့ ခေါ်ယူထား ကြောင်း သိရှိရသည်။

“နေပြည်တော်က လာတဲ့စစ်မှုထမ်းဟောင်း တပ်တွေ လားရှိုး ရမခထဲရောက်လာတယ်။ နောက်တစ်ခါ ပြည်သူ့စစ်တပ်တွေလည်း ရောက်လာတာ အတော်များပါတယ်။ အင်အားဆိုရင် ထောင်ချီရှိပါတယ်။ လေ ကြောင်း ကနေ အဓိက အသယ်အပို့ ရှိနေပါတယ်။ လက်နက်ခဲယမ်းတွေလည်း အတော်ကို ပို့ဆောင်ထားရှိပါတယ်။ လားရှိုးမှာ စစ်ရေး ပြင်ဆင်မှုတွေ အတော်ကြီးကို လုပ်နေတယ်” ဟု အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) သတင်းရင်းမြစ်က ဆိုသည်။

အလားတူ ကျောက်မဲမြို့နယ် ပတ်ဝန်းကျင် ကျေးရွာများဘက်သို့လည်း စစ်ကောင်စီက စစ်တပ်များ ဆက်တိုက်ဆိုသလို ပို့ဆောင်နေကြောင်း သိရှိရသည်။

“မတ်လ ၆ ရက်နေ့မှာ တွဲကားတွေနဲ့ စစ်သားတွေ တင်ပြီး ကျောက်မဲဘက်ကို အင်အားဖြည့်တယ်။ မနေ့က တက်လာတဲ့ စစ်ယာဉ်တန်းမှာ စစ်အင်အား ၂၀၀ ကျော်လောက်ရှိတယ်။ အဲဒီစစ်တပ်တွေက ကျောက်မဲမုခ်ဦးအဝင်ကနေ ခြေ လျင် နဲ့ ရပ်ကွက်တွေ ရွာတွေဘက် ဖြန့်ကျက်တယ်။ စစ်ကြောင်းတွေ ကျောက်မဲဘက် တက်နေပေမယ့်လည်း တကယ်က ဂုတ်တွင်းအထက် နောင်ပိန်ကနေ ကျောက်မဲ စခန်းသာရွာအထိ SSPPနဲ့ အခြားတော်လှန်ရေး တပ်တွေကလည်း အပြည့်ပဲ။ အဲဒါကို စစ်တပ်ဘက်ကလည်း နေ့တိုင်း စစ်သားတွေပို့ပြီး တပ်တွေ ဖြန့်ကျက်နေတာ။ သိပ်မကြာခင် စစ်တပ်ဘက်က စပြီး တိုက်မယ့် ပုံစံမျိုးလိုကို စစ်အင်အားတွေ ဖြည့်နေတာ” ဟု ကျောက်မဲမြို့မှ စစ်ရေးလေ့လာစောင့်ကြည့်သော သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ကောင်စီတပ်က မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသော ရှမ်းမြောက် ဒေသမှ မြို့နယ် ၃ ခုကို မတ်လ ၄ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ကြေညာကြောင်း အမိန့်ထုတ်ပြန်ခဲ့ပြီး မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ကလည်း ယင်းသို့ သိမ်းပိုက်ထားသော မြို့နယ်များတွင် စစ်အုပ်ချုပ်ရေး ကြေညာခြင်းမှာ အပစ်ရပ်ရေး ဟိုင်ဂင်သဘောတူညီချက် လိုက်နာရေးခက်ခဲနိုင်ကြောင်း၊ ပြည်သူများကို ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- လားရှိုးတွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ ပြည်သူ့စစ်များကို စစ်သင် တန်း ပေးပြီး လက်နက်များ တပ်ဆင်နေစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *