မွတ်စလင်များကို စစ်သင်တန်းပေးနေသည့် ဗီဒီယို ထွက်ပေါ်လာ

ရခိုင်တွင် မွတ်စလင်များကို စစ်သားအဖြစ် မစုဆောင်းဟု စစ်ကောင်စီက ငြင်းဆိုနေချိန် မွတ်စလင်များကို စစ်သင်တန်းပေးနေသည့် ဗီဒီယို ထွက်ပေါ်လာ

ရခိုင်ပြည်နယ်တွင် မွတ်စလင်များကို စစ်သားအဖြစ် မစုဆောင်းဟု စစ်ကောင်စီက ငြင်းဆိုနေချိန် မွတ်စလင်များကို စစ်သင်တန်းပေးနေသည့် ဗီဒီယိုတစ်ခု လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်လာသည်။

ဖေဖော်ဝါရီလအတွင်း ရခိုင်ပြည်တွင် မွတ်စလင်များကို စစ်မှုထမ်းရန် အာဏာသိမ်းစစ်ကောင်စီက အတင်းအဓ္ဓမခေါ်ယူနေသည်ဟု သတင်းမီဒီယာများမှ ဖော်ထုတ်ခဲ့သော်လည်း စစ်ကောင်စီကမဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။ သို့ရာတွင် ယနေ့တွင် စစ်တွေမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဒေသကွက်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ခြံဝန်းရှိ အဆောက်အဦးတစ်ခု၌ အတင်းအဓ္ဓမခေါ်ယူထားသော မွတ်စလင်အမျိုးသား လူငယ်များအား စစ်ကောင်စီက စစ်သင်တန်းပေးအပ်နေသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ ဗီဒီယိုဖိုင်တွင် မွတ်စလင်များအား စစ်သင်တန်းပေးနေသော နေရာသို့ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ကိုယ်တိုင် လာရောက်ကြည့်ရှုနေသည်ကို တွေ့ရသည်။

ရခိုင်ပြည်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ဒေသမှ အသက် ၁၈ နှစ်နှင့် ၃၅ နှစ်အတွင်းရှိသော မွတ်စလင်လူမျိုး အမျိုးသားများအား လစာ ကျပ် ၁၅၀,၀၀၀ ၊ ဆန်တစ်အိတ်နှင့် စားဆီတစ်ပိဿာ ပေး၍ စည်းရုံးကာ စစ်မှုထမ်းရန် အတင်းအဓ္မမ ခေါ်ယူနေသည်ဟု ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။

ယခု ဗီဒီယိုဖိုင်တွင် မွတ်စလင်များက ဗိုလ်မှူးကြီးကျော်သူရအား ရခိုင်ပြည် နယ်/လုံဝန်ကြီးဟု ပြောဆိုကြပြီး ရာနှင့်ချီသော မွတ်စလင်အမျိုးသားများကို တွေ့ရသည်။

ဒေသ သတင်းရင်းမြစ်များ ပြောပြချက်အရ ဖေဖော်ဝါရီလက ယနေ့ မတ်လ ၈ ရက်နေ့အထိ ရခိုင်ပြည်အတွင်းက မွတ်စလင်အမျိုးသား ၅၀၀ ဦးထက်မနည်း စစ်မှုထမ်းရန် အတင်းအဓမ္မ ခေါ်ယူခံထားရကြောင်း စုံစမ်းသိရသည်။

အပြစ်မဲ့ပြည်သူများနှင့် မွတ်စလင်များအား စစ်မှုထမ်းရန် စစ်ကောင်စီက အတင်းအဓမ္မခေါ်ယူနေခြင်းသည် စစ်ရာဇဝတ်မှု မြောက်သည်ဟု ပြည်တွင်းပြည်ပရှိ မွတ်စလင်အသိုင်းအဝိုင်းက ပြောဆိုနေကြသည်။

မွတ်စလင်လူမျိုးများအနေဖြင့် စစ်ကောင်စီမှ စစ်မှုထမ်းရန် ခေါ်ယူနေခြင်းကို ငြင်းဆန်ကြရန်နှင့် ဆန့်ကျင်ကန့်ကွက်ကြရန် ရက္ခိုင့်တပ်တော် ‌AA က ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် တိုက်တွန်းပြောဆိုထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *