၂ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၁၅ ခုထက်မနည်း သိမ်းပိုက်ထားတယ်လို့ KIA ပြော

ကေအိုင်အေထိုးစစ်ဆင်နေတဲ့ လိုင်ဇာမြို့အနီး ၁၀ မိုင်အကွာ မြစ်ကြီးနား – ဗန်းမော်ကားလမ်းပိုင်း တိုက်ပွဲမှာ နှစ်ရက်အတွင်း ကာကင်းစခန်းငယ်တွေအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၅ ခုထက်မနည်းကို ရရှိထားပြီလို့ ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

ဒီနေ့မှာလည်း KIA ဌာနချုပ်ရှိတဲ လိုင်ဇာနဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ခါရာဘွမ်တောင်စခန်းကို ကေအိုင်အေက ဆက်တိုက်ခိုက်နေသလို စစ်ကောင်စီကလည်း တိုက်ပွဲဧရိယာတဝိုက်ကို လေကြောင်းကနေ လာရောက်ပစ်ခတ်နေတယ်လို့ ပြောပါတယ်။

“မနေ့က သိမ်းတာကတော့ ဒေါ့ဖုန်းယမ်ဘက်က ၁၄၂ စခန်းတွေကို သိမ်းတာရှိပါတယ်။ တချို့ကျန်တာရှိသေးတယ်။ မနေ့က ထပ်သိမ်းတာတော့ ငါး ခုရှိတာပေါ့။ မနေ့ကသိမ်းတဲ့ ဆွမ်ပရာဘွမ်ဘက်က စခန်းကလည်း အရေးကြီးတဲ့စခန်းတစ်ခုဖြစ်ပါတယ်။ နောက် ဒေါ့ဖုန်းယမ် ၁၄၂ စခန်းတွေလည်း အရေးကြီးတဲ့စခန်းတွေဖြစ်ပါတယ်။ အဲ့စခန်းတွေက လမ်းတွေကို ပိတ်ထားတဲ့စခန်းတွေဖြစ်ပါတယ်။ ဆွမ်ဘရာဘွမ်ကလည်း အဲ့စခန်းကို သွားလို့ရှိရင် မလိခမြစ်ရှိပါတယ်။ အဲ့ဘက်ကို သွားလာတဲ့လမ်းကို ပိတ်ထားတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။ သူလည်း ဗျူဟာအရ အရေးကြီးလို့ လိုအပ်တာဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ် KIAနဲ့ PDF ပူးပေါင်းတပ်တွေအနေနဲ့ မတ်လ ၇ ရက်ကစတင်တဲ့ မြစ်ကြီးနား – ဗန်း‌မော်ကားလမ်းပိုင်းထိုးစစ်အတွင်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းက စစ်တပ်စခန်းတွေကို သိမ်းပိုက်ဖို့အထိ လုပ်မယ်ဆိုပြီး ကေအိုင်အေဘက်ကပြောပါတယ်။

မနေ့က ဆွမ်ပရာဘွမ် မြို့တွင်းတပ်အပါအဝင် တပ်စခန်း ၃ နေရာကို KIA ကတပြိုင်တည်း ဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီး မြို့နဲ့ ၅ မိုင်အကွာအဲဒီထဲက ဒိန်ဝါရွမ် (Ding Wa Rum) တပ်စခန်းတစ်ခု သိမ်းပိုက်နိုင်တာလို့ မြေပြင်သတင်းအရသိရပါတယ်။

ရက္ခိုင့်တပ်တော် အေအေကလည်း ကချင်ပြည်နယ် လိုင်ဇာမြို့နားနဲ့ မြစ်ကြီးနား- ဗန်းမော်လမ်းက စစ်ကောင်စီစခန်းတွေ၊ ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် ၉၃၆ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိုင့် ၂၅၉ လေယာဉ်ကွင်းစခန်းအပါအဝင် စစ်ကောင်စီစခန်းတွေကိုသိမ်းပိုက်ရေး KIA နဲ့ မဟာမိတ်အဖြစ် ပူးတွဲပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ မတ် ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒ့ါအပြင် မိုးမောက်မြို့နားက တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀၃ တပ်ရင်း လေယာဉ်ကွင်းစခန်းကုန်းနဲ့ ဒေါ့ဖုန်းယန်မြို့နားက စခန်းကုန်းတွေကို ထိုးစစ်ဆင်နေတယ်လို့လည်း အေအေက ဆိုပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *