သံဃာနှင့် သီလရှင်စာရင်းကောက်ခံရန်နှင့် ပုဒ်မ ၅၀၅ထိသော ဘုန်းကြီး၊ သီလရှင်စာရင်းများအား သတင်းပို့ရန် စစ်ကောင်စီ ညွှန်ကြား

နိုင်ငံတဝှမ်းရှိ ဘုန်းကြီးကျောင်းများအား သံဃာနှင့် သီလရှင်စာရင်းများ ကောက်ခံရန်နှင့် ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသော ဘုန်းကြီး၊ သီလရှင်စာရင်းများအား သတင်းပို့ရန် စစ်ကောင်စီက ညွှန်ကြားသည်။

ဘုန်းကြီးကျောင်းများ၊ စာသင်တိုက်များ၊ သီလရှင်ကျောင်းများရှိ ရဟန်းသာမဏေ သီလရှင်အရေအတွက်များအား မတ်လ ၉)ယရက် နောက်ဆုံးထားတင်ပြရန် စစ်ကောင်စီ၏ သာသနာရေးဦးစီးဌာနက မတ်လ ၁ရက်က ညွှန်ကြားခဲ့သည်။

“အခု လွတ်နေတဲ့သံဃာတွေလည်းရှိတယ်။ လွတ်မြောက်သွားတဲ့ သံဃာတွေလည်းရှိတယ်။ အဲဒါလည်း ကျောင်းတိုက်တွေမှာ စာရင်းကောက်ချင်တာဖြစ်တယ်။ နောက်ပြီး စစ်မှုထမ်းအတွက် လူတွေသင်္ဃန်းစည်းမှာကို ကြောက်ပြီး စာရင်းကြိုကောက်တဲ့ သဘောမျိုးလည်းဖြစ်မယ်”ဟု ဘာသာပေါင်းစုံငြိမ်းချမ်းရေးလုပ်ငန်းများလုပ်ဆောင်နေသော ဆရာတော်တစ်ပါးက မိန့်ကြားသည်။

ထို့အပြင် ပုဒ်မ ၅၀၅(က) ထိထားသော ရဟန်း၊သာမဏေ၊ သီလရှင်စာရင်းကိုပါ တင်ပြရန် စစ်ကောင်စီက ညွှန်ကြားသည်။

“သာသနာအကျိုးကို မျှော်ကိုးပြီး အမှန်တကယ် အလုပ်လုပ်ချင်ကြတယ်ဆိုရင် တိုင်းနဲ့ပြည်ရွာ မြို့ရွာတို့ကို အေးချမ်းအောင် အရင်ဆုံး ကြိုးစားသင့်တယ်။

တချို့ရဟန်းသာမဏေတွေက သူတို့ နေထိုင်သီတင်းသုံးရာဖြစ်တဲ့ အရပ်ဒေသတွေမှာတောင် မနေထိုင် သီတင်းမသုံးရဲကြသေးဘဲနဲ့ “မြန်မာတစ်နိုင်ငံလုံးရှိ”ဆိုတော့ ဘယ်လိုလုပ်ပြီး စာရင်းအမှန်အကန် ရမလဲ”ဟု ဆရာတော်တစ်ပါးက မိန့်ကြားသည်။

ထို့အပြင် တစ်ကျောင်းချင်းစီ၏ အကျယ်အဝန်း၊ ကျောင်းဝင်းအတွင်းရှိ ဘုရားစေတီပုထိုးများ၏ အရေအတွက်ကိုပါ တင်ပြရမည်ဟု ဆိုသည်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေအသက်သွင်းပြီးနောက် လာမည့်သင်္ကြန်ကာလပြီးလျှင် စစ်တပ်က သင်တန်းသားသစ်များ စတင်ခေါ်ယူမည်ဖြစ်၍ ဘုန်းကြီးကျောင်းများအား စတင်တင်းကြပ်လာခြင်းဖြစ်နိုင်ကြောင်း လေ့လာသူအချို့က သုံးသပ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *