စစ်ကိုင်းမှပျူစောထီးများ တာမခန်တိုက်ပွဲသို့ ပို့ဆောင်ခံရပြီးနောက် ဒဏ်ရာရရှိ၍ မပြေးနိုင်သူများကို စစ်ကောင်စီက တိုက်ပွဲအတွင်းထား၍ ထွက်ပြေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ တာမခန်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၁၁၉ စခန်းသိမ်းတိုက်ပွဲတွင်း သေဆုံးနှင့် ဒဏ်ရာရရှိခဲ့ကြသည့် ပျူစောထီးများကို စစ်ကောင်စီတပ်ဖွဲ့၀င်များက တိုက်ပွဲဖြစ်ရာနေရာတွင် ပစ်ထားခဲ့ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးသွားကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များသည် တာမခန်မြို့၌ နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီ၏ ခမရ-၁၁၉ ကို ပြီးခဲ့သည့် မတ် ၉ ရက်နေ့က ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကိုင်း၊ ကောလင်းမှ တာမခန်သို့ ခေါ်ယူကာ အင်အားဖြည့်ထားသည့် ပျူစောထီးတပ်ဖွဲ့၀င်များ အထိနာ၍ သေဆုံးမှုများကြောင်း သိရသည်။

တာမခန်ရှိ စစ်ကောင်စီတပ်ဖွဲ့၀င်များသည် စစ်ကိုင်းတိုင်း ကောလင်းမှ ခေါ်ယူထားသည့် ပျူစောထီးတပ်ဖွဲ့၀င်များကို တိုက်ပွဲဖြစ်ပွားရာနေရာမှ ကယ်ထုတ်ခြင်းမရှိဘဲ ကိုယ်လွတ်ရုန်း၍ ထွက်ပြေးကြသည့် အတွက် ဒဏ်ရာရရှိထားသည့် ပျူစောထီးများ သေဆုံးမှုများကြောင်း သိရသည်။

“တိုက်ပွဲမှာ သေတာ ပျူစောထီးတွေများတယ်။ သူတို့ကို လေယာဉ်နဲ့ စစ်ကူလာချသွားတာ။ တိုက်ခိုက်ရေး ၀တ်စုံတွေလည်း အပြည့်အစုံမပါဘူး။ ကောလင်းမှာ မြို့ပြန်သိမ်းနိုင်တယ်ဆိုပြီး သွေးကြွနေတဲ့ ပျူစောထီးတွေကို ကချင်တိုက်ပွဲမှာ ပြန်သုံးလာတာ။ ဒီရောက်တော့ သေတာပဲ”ဟု စစ်မြေပြင်ရှိ တော်လှန် ရေးတပ်ဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းက KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် တာမခန်မြို့တွင်းရှိ စစ် ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို ထိန်းချုပ်နိုင်ခဲ့ပြီး ခမရ- ၁၁၉ ၏ ကာကင်းစခန်းကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

နှစ်ပတ်အကြာ တိုက်ခိုက်ခဲ့ပြီးနောက် ခမရ-၁၁၉ ဗျူဟာစခန်းကိုမူ ပြီးခဲ့သည့် မတ် ၉ ရက်နေ့က အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီ တပ်ဖွဲ့၀င်အလောင်းများကို ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့၏ ရှေ့တန်းတိုက်ပွဲများတွင် ပျူစောထီးတပ်ဖွဲ့၀င်များနှင့် ကျေးရွာများတွင် အတင်း အကျပ်ဖမ်းဆီးခေါ်ဆောင်လာသည့် ဒေသခံပြည်သူများကို အသုံးပြု၍ တိုက်ခိုက်ခိုင်းနေကြောင်း သိရသည်။

လက်ရှိတွင်လည်း စစ်ရေးပြင်းထန်နေသည့် ရခိုင် ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်များမှ ဒုက္ခသည်စခန်းများတွင်ရှိသည့် မူဆလင် လူငယ်များ ကိုလည်း ဖိအားပေးခေါ်ဆောင်၍ စစ်သင်တန်းပေးကာ တိုက်ပွဲများတွင် အသုံးပြု နေသည်ကို ထွက်ပေါ်လာသည့် ရုပ်သံဖိုင်များအရ သိရသည်။

ပုံစာ-KIA ၊ PDF တပ်ဖွဲ့ဝင်များ


Comments

Leave a Reply

Your email address will not be published. Required fields are marked *