“ဒေါနတောင်တန်းမှ သွေးချင်းတို့၏ အောင်ပွဲများ”

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် မဟာမိတ် တော်လှန်ရေး တပ်များက ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မြဝတီမြို့ရှိ ခမရ ၃၅၅ ဌာနချုပ်နှင့် ရဲစခန်းကို စနေနေ့က သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

ကြာသပတေးနေ့တွင်လည်း သင်္ဃန်းညီနောင်ရှိ စစ်စခန်းနှင့် ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ရာ စနေနေ့တွင်ပင် သိမ်းယူနိုင်ခဲ့ပြန်သည်။

သင်္ဃန်းညီနောင်သည် မြဝတီနှင့် ကော့ကရိတ်ကြား အာရှအဝေးပြေး လမ်းမကြီးပေါ်တွင် ရှိသည်။

ယခုအခါ တော်လှန်ရေး တပ်ပေါင်းစုသည် အနီးအနားရှိ ခမရ ၃၅၆ နှင့် ခမရ ၃၅၇ တို့အား ဆက်လက် တိုက်ခိုက်လျှက်ရှိသည်ဟု ဧရာဝတီသတင်းတွင် ဖော်ပြထားသည်။

အကြမ်းဖက် စစ်တပ်မှ ထုံးစံအတိုင်း လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများဖြင့် ခုခံလျက် ရှိသည်ဟု သိရသည်။

တိုက်ခိုက်ခံနေရသော စခန်းများမှ စစ်သားများ ထွက်ပြေးကုန်ပြီး အနည်းငယ်သာ ကျန်ရှိတော့သည်ဟု ဆိုသည်။

ခမရ ၃၅၅ နှင့် ၃၅၆ မှ တပ်သားများသည် ခမရ ၃၅၇ သို့ သွား‌ရောက်ပူး‌ပေါင်းပြီး ပြန်လည် ခုခံနေသည်ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပြခဲ့သည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သည့် သုံးရက်အတွင်း အကြမ်းဖက်စစ်တပ်မှ ဗုံးအလုံးရေ ၁၀၀ ခန့် ကြဲချခဲ့ရာ အိမ်ခြေ ၆၀ နီးပါး မီးလောင်ပျက်စီးသွားသည်။

သင်္ဃန်းညီနောင်ရွာကြီးတွင် အိမ်ထောင်စုပေါင်း ၃,၀၀၀ ခန့် ရှိပြီး လူဦးရေ ၇,၀၀၀ ခန့် ရှိရာ အားလုံး နီးပါးသည် ပိုင်ဆိုင်သမျှ ထုတ်ပိုးကာ တိမ်းရှောင်သွားကြသည်ဟုလည်း သိရသည်။

ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီ ဗျုဟာကုန်းအားလည်း ကေအင်ယူနှင့် တပ်ပေါင်းစုက ပိတ်ဆို့ တိုက်ခိုက်နေ၍ စစ်တပ်မှ ရိက္ခာကို လေကြောင်းမှ ချပေးနေရသည်ဟု သိရသည်။

ကေအင်ယူသည် ယခုအခါ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်အထိ နယ်မြေစိုးမိုးမှု ရရှိထားပြီး ဖြစ်သည်။

စစ်ကောင်စီသည် ၎င်းတို့၏ ဒေါက်တိုင် BGF များလည်း ခွဲထွက်သွားပြီဖြစ်၍ တွယ်ရာမဲ့လာကာ နိုင်ငံအရှေ့တောင်ပိုင်းအား လက်လွှတ်ရတော့မည့် အရေးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

ယခုအခါ တိုက်ပွဲများသည် စစ်တောင်းမြစ် အနောက်ဖက်ခြမ်းရှိ ကျောက်တံခါး၊ ညောင်‌လေးပင် ဒေသများသို့ပါ ပျံ့နှံ့လာနေပြီဖြစ်၍ ပဲခူးတိုင်းကိုပါ အခိုင်အမာ ထိန်းထားနိုင်ခြင်း မရှိတော့ပေ။

ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းစစ်တပ်က မဲဆောက် အပါအဝင် နယ်စပ် ၅ မြို့၌ လုံခြုံရေးအင်အား တိုးမြှင့်ချထားကာ ဒေသတွင်း ကင်းလှည့်စောင့်ကြပ်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

တော်လှန်ရေး တပ်ပေါင်းစုသည် ယခုအခါ စစ်တောင်းမြစ်ဝှမ်း ဒေသကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိနေသည်။

ကရင်ပြည်နယ်သည် နှစ်ပေါင်း ၇၀ ကျော် စစ်ဒဏ်ကို ခံစားခဲ့ရသော ဒေသဖြစ်ပြီး ကရင်အမျိုးသား သမဂ္ဂမှ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် တွန်းလှန်နိုင်မှသာ ငြိမ်းချမ်းသာယာဝပြောမည့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်သွားနိင်မည်ဟု ဥက္ကဋ္ဌ ဖြစ်သူ ဖဒို စောကွယ်ထူးဝင်းမှ ဇန်နဝါရီ ၃၁ တွင် ကျင်းပသော ၇၅ ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအနားတွင် ထုတ်ဖော်ပြောဆိုလာခဲ့သည်။

ယခုအခါ နိုင်ငံတဝှမ်း ဗမာ၊ ချင်း၊ ရက္ခိုင်၊ ကယား၊ ကချင်၊ ကရင်၊ ပအို့၊ ပလောင် တို့မှ စစ်မျက်နှာ အသီးသီးဖွင့်ကာ မရှုနိုင် မကယ်နိုင် ဖြစ်လာနေသော စစ်တပ်ကို နိုင်ငံအနှံ့ တွန်းလှန်နေကြပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

✍️ Hla Soewai


Comments

Leave a Reply

Your email address will not be published. Required fields are marked *