စစ်ကောင်စီတပ်၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို KIA က ပစ်ချ

ဝိုင်းမော်မြို့နယ်တွင် လာရောက်ပစ်ခတ်ဗုံးကျဲနေသော စစ်ကောင်စီတပ်၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို KIA က ပစ်ချလိုက်ပြီး ထိမှန်သွားဟု ဗိုလ်မှူးကြီးနော်ဘူ အတည်ပြု

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြ ၁ နှင့် အောင်မြေ ၂ နေရာသို့ လာရောက်ပစ်ခတ် ဗုံးကျဲနေသော စစ်ကောင်စီတပ်၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို KIA က ပစ်ချလိုက်ပြီး ထိမှန်သွားသည်ဟု သိရှိရကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူကပြောဆိုသည်။

ယနေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ပစ်ချခြင်းဖြစ်ပြီး ထိမှန်သွားသည်ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုကြောင်း၊ ပျက်ကျမှု ရှိ၊ မရှိကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အောင်မြေ ၁ ၊ အောင်မြေ ၂ ကို လာပစ်တဲ့ ရဟတ်ယာဉ်ကို ပစ်ချလိုက်တာ။ ပစ်လိုက်တာလည်း မှန်ကန်တယ်။ ထိသွားတာလည်း အတည်ပြုပါတယ်။ ပျက်ကျတာ မကျတာကိုတော့ ကျနော်တို့လည်းအ တည်ပြု စုံစမ်းနေဆဲ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

လက်ရှိ အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသော မြစ်ကြီးနားလေယာဉ်ကွင်းအနီး အရပ်ဘက်လေယာဉ်တစ်စီးနှင့်အတူ မီးခိုးများ ထွက်နေသော ဓာတ်ပုံမှာမူ ယနေ့ ရဟတ်ယာဉ်ပစ်ချ၍ ပျက်ကျသည့် ဓာတ်ပုံမဟုတ်ဘဲ အချိန်ကာလ ကြာမြင့်နေပြီဖြစ်သော ဓာတ်ပုံဖြစ်ကြောင်း၊ လက်ရှိ ပစ်ချလိုက်သော Mi35 ရဟတ်ယာဉ်ပျက်ကျမှုနှင့်ပတ်သက်သော ဓာတ်ပုံများကိုမူ မရရှိသေးကြောင်း ၎င်းက ရှင်းပြသည်။

“အရပ်ဘက်လေယာဉ်နဲ့ နောက်မှာ မီးခိုးတွေ ထွက်နေတဲ့ ပုံကကြာပါပြီ။ အဲဒါ က ဒီနေ့ ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်ပုံမဟုတ်ပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *