ကသိုဏ်းတောင် စစ်ကောင်စီစခန်းကို KIA သိမ်းပိုက်၊ အရာရှိ ၆ ဦး ဖမ်းမိထား

ကချင်ပြည်နယ်၊ မိုညှင်းခရိုင်၊ ဖားကန့်နဲ့တာမန်ကြားရှိ ကသိုဏ်းတောင် စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ အရာရှိ ၆ ဦးကိုလည်း ဖမ်းမိထားတယ်လို့ ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“သိမ်းသွားပြီ။ မနေ့ညနေပိုင်း ၃ နာရီကျော် လောက်ကတည်းက ချတာ။ ဒီမနက် အဲဒီ စစ်ကောင်စီတပ်မှာ မီးတောက် မီးလျှံ တဟုန်းဟုန်းနဲ့ အသားကုန် လောင်နေတာ။ ဒီမနက် ၈ နာရီခွဲ ခန့်အထိ မီးခိုးတွေ ထွက်နေသေးတယ်။ KIA နဲ့ ပူးပေါင်း အဖွဲ့တွေ အပြီးသတ် ရှင်းလင်းလိုက်တာလို့ သိရတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

တာမခန်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီ စစ်သည် ၁၆ ‌ဦးနဲ့ အရာရှိ ၆ ဦးကို ဒီကနေ့ မတ်လ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲကျော်က နမ်မှော်နဲ့ ကောင်ဆန်ကြားမှာ ဖမ်းမိထားကြောင်း KIA ‌ရှေ့တန်းမဲ့ နီးစပ်သူက ပြောပါတယ်။

“KIA တပ်မဟာ ၉ နဲ့ ပူးပေါင်း မဟာမိတ် အဖွဲ့တွေ စစ်ကောင်စီ ဗျူဟာမှူး ၂ ဦးကို ရှင်းပစ်နိုင်ခဲ့ပြီး အရာရှိ ၆ ယောက် ဖမ်းမိထားတယ်လိုတော့ ပြောနေကြတယ်” လို့ သူက ပြောပါတယ်။

မတ်လ ၉ ရက်နေ့က တာမခန် စစ်ကောင်စီ စခန်းက စစ်ကောင်စီတွေ ထွက်သွားပြီး ကသိုဏ်းတောင် စစ်ကောင်စီ စခန်းမှာ သွားပေါင်းခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီတွေ ထွက်သွားတာ‌ေကြာင့် တာမခန်စစ်‌ေကာင်စီ စခန်းကို KIA နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့က သိမ်းလိုက်က စခန်းကိုလည်း မြေကော်စက်နဲ့ အကုန်ညှိပစ်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ က အဲဒီ ကသိုဏ်းတောင် စစ်ကောင်စီ စခန်းကို KIA ဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ပေမယ့် စစ်ကောင်စီဘက်က လေကြောင်းနဲ့ တရစပ် ဗုံးကြဲလို့ KIA နဲ့ ပူးပေါင်း အဖွဲ့က ပြန်လည် ဆုတ်ခွာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *