လူငယ်များနှင့် အုပ်ထိန်းသူမိဘများကို စစ်ကောင်စီက လိမ်ညာ စည်းရုံး

စစ်တပ်ထဲတွင် တစ်လ ၅ သိန်းကျော် လစာနှင့် ရိက္ခာ အပြည့် ပေးပြီး ပညာ သင် ပေးကာ ပျော်အောင်ထားမည်ဟု စစ်မှုထမ်းရမည့် လူငယ်များနှင့် အုပ်ထိန်းသူမိဘများကို စစ်ကောင်စီက လိမ်ညာ စည်းရုံး

စစ်တပ်ထဲတွင် ဧပြီလကုန်ပိုင်း စတင်ဝင်ကြရမည့် လူငယ်များကို တစ်လလျှင် ငွေကျပ် ၅ သိန်းကျော်ပေးပြီး ပညာသင်ပေးကာ ပျော်အောင်ထားမည်ဟု အကြမ်းဖက်စစ်ကောင်စီက လိမ်လည် စည်းရုံးပြောဆိုမှုများ လုပ်ဆောင်နေကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် အုပ်ထိန်းသူမိဘတချို့က ပြောဆိုကြသည်။

နေပြည်တော်၊ ရန်ကုန်၊ ဧရာ၀တီတိုင်း၊ မန္တလေး အပါ အဝင် တစ်နိုင်ငံလုံးတွင် လူငယ်များကို ဧပြီလမှ စတင်မည့် စစ်မှုထမ်းအပတ်စဉ် ၁ တွင် တက်ရောက်ရန် နာမည်စာရင်းများဖြင့် ဆင့်ခေါ်နေပြီး လူငယ်များနှင့်အုပ်ထိန်းသူမိဘများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ထွက်မပြေးရန်နှင့် ကြည်ကြည်ဖြူဖြူ မိမိတို့၏ သားသမီးများကို စစ်ထဲသွင်းကြရန် စည်းရုံးပြောဆိုနေကြောင်း သိရှိရသည်။

“ဒီနေ့ နေ့လယ်ပိုင်း အစည်းအဝေးခေါ်ပြီး တပ်ထဲရောက်ရင် တစ်လကို ငွေကျပ် ၅ သိန်း ၁ သောင်းကျော်ရမယ်။ ပညာလည်း သင်ပေးမယ်။ ၁၀ တန်းဆိုရင် ဘွဲ့ရတဲ့အထိ ပညာသင်ပေးမယ်။ ဘွဲ့ရရင် ဗိုလ်သင်တန်းတက်ပြီး အရာရှိဖြစ်မယ်။ ရှေ့တန်းလည်းမပို့ဘူး။ သက်သက်သာသာ နေရမယ်။ စိတ်ပူစရာဘာမှ မရှိဘူး ဆိုပြီး စည်းရုံးတယ်” ဟု မိဘပြည်သူတစ်ဦးက ပြောဆိုသည်။

ပြည်နယ်/တိုင်းအားလုံးတွင် မတ်လ ၁၃ ရက်နေ့ညပိုင်း ဧပြီလကုန်စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၁ အတွက် လူငယ်များရွေးချယ်ပြီး မတ်လ ၁၄ ရက်နေ့ ညနေနောက်ဆုံးထား၍ နာမည်စာရင်းများ စစ်ကောင်စီ ပေးပို့ခိုင်းနေကြောင်း၊ စစ်မှုထမ်းရန် ရွေးချယ်ထားသည့် လူငယ်များ ထွက်မပြေးစေရေးနည်းလမ်းမျိုးစုံဖြင့် မက်လုံး သုံး စည်းရုံးရန် စစ်ကောင်စီက အုပ်ချုပ်ရေးအဖွဲ့များကို ညွှန်ကြားထား ကြောင်း သိရှိရသည်။

လက်ရှိတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေးစစ်သားနှင့်အရာရှိများ အတုံးအရုန်းသေဆုံးနေကြချိန်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူများ ကို စစ်သားများအဖြစ် ရှေ့တန်းသို့ စေလွှတ်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းကြောင်း ကြေညာခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *