မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါနယ်အခြေစိုက် ယောကာကွယ်ရေးတပ် YDF မှာ သင်တန်းဆင်းရဲဘော်သစ်တွေ တိုက်ပွဲဝင်နိုင်ဖို့အတွက် လက်နက်ခဲယမ်း လိုအပ်နေတာကြောင့် ယောမြို့ပါရီကမ်ပိန်းကို ပြုလုပ်ရတာလို့ YDF တပ်ဆီက သိရပါတယ်။
ယောမြို့ပါရီ ကမ်ပိန်းကာလကို မတ် ၁၀ ရက်ကနေ ဧပြီ ၁၀ ရက်ထိ သတ်မှတ်ထားပြီး ကျပ်သိန်း ၃၀၀၀ (သိန်းသုံးထောင်ကျပ်) ရရှိဖို့အတွက် ရံပုံငွေရှာဖွေသွားမယ်လို့ သိရပါတယ်။
ယောကာကွယ်ရေးတပ်ဟာ ပြည်သူလူထု အားကိုးအားထားရတဲ့ တပ်ဖွဲ့တခုဖြစ်အောင်ကြိုးစားနေသလို ပြည်သူလူထုအနေနဲ့လည်း စိတ်အားမငယ်ကြဖို့၊ အားတင်းထားကြဖို့နဲ့ YDF ရဲဘော်သစ်တွေရဲ့ ယောမြို့ပါရီကမ်ပိန်းမှာ တတ်အားသမျှပါဝင်ပေးကြဖို့ တိုက်တွန်းကြောင်းကိုလည်း YDF ဦးဆောင်သူ ကိုမြတ်သူ က ပြောပါတယ်။
ကမ်ပိန်းမှာ မိဘပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ပမာဏ နည်းများမဆို YDF ကိုတိုက်ရိုက်ဖြစ်စေ Fundraiser တွေကတဆင့်ဖြစ်စေ လှူဒါန်းနိုင်ပြီး ထောက်ပို့၊ အလှူရှင်တိုင်းအတွက် Certificate တွေကို တပါတည်းထုတ်ပေးသွားမယ်လို့ သိရပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် ယောဒေသမှာ သပိတ်စစ်ကြောင်းတွေ အကြမ်းဖက်ဖြိုခွဲတာ၊ ပြည်သူတွေကို မတရားဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာတွေကိုလည်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ယောဒေသလူငယ်တချို့က ဆန္ဒပြတာတွေကို မလုပ်နိုင်တော့ဘဲ စစ်ကောင်စီကိုတော်လှန်ဖို့အတွက် လက်နက်ခဲယမ်းရရှိဖို့ နယ်စပ်ဒေသတွေအထိ သွားရောက် ချိတ်ဆက်ပြီး ၂၀၂၁ မေ ၁၂ ရက်မှာ ယောကာကွယ်ရေးတပ်ဖွဲ့ YDF ကိုစတင်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
YDF တပ်ဖွဲ့ကိုဖွဲ့စည်းပြီး တူမီးသေနတ်၊ လက်လုပ်သေနတ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စတင်တိုက်ခိုက်ခဲ့သလို ပြောက်ကျားနည်းစနစ်နဲ့လည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၇ ရက်ကလည်း YDF ရဲဘော် ၂ ဦးမှာ မြောက်ခင်ရမ်းပျူနဲ့စစ်သားတွေရဲ့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာကို ခံခဲ့ရတယ်လို့ သိရပါတယ်။
ယောကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စနစ်ကိုအဓိက တော်လှန်နေတာဖြစ်ပြီး အာဏာရှင်စနစ် ပျက်သုဥ်းသွားပြီးမှသာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုစတဲ့ လူသားတယောက်ရပိုင်ခွင့်တွေကို ရရှိမှာဖြစ်ပြီး ရတဲ့အထိလည်း တော်လှန်သွားမယ်လို့ ဆိုပါတယ်။
Leave a Reply