စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ပေးတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ထိထိရောက်ရောက် အရေးယူမယ်

စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ပေးတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ထိထိရောက်ရောက် အရေးယူမယ်လို့ မွန်ပြည်သစ် (AD) က သတိပေးချက် ထုတ်ပြန်

စစ်ကောင်စီ ရဲ့ စစ်မှု ထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနေတဲ့ ရပ်ကွက် နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ထိထိရောက်ရောက်အရေးယူသွားမယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) မှ ပြောခွင့်ရ နိုင်ဗညားမွန်ကပြောဆိုပါတယ်။

စစ်ကောင်စီ က မွန်ပြည်နယ် ၊ ကျိုက်မရော မြို့နယ် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ကို စစ်မှုထမ်း ဥပဒေအရ လူ ၁၀၀ စုဆောင်းပေးဖို့ ညွန်ကြားထားတာနဲ့ပတ်သက်လို့ ဆောင်ရွက်ပေးနေတဲ့ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အရေးယူမယ်လို့ ထုတ်ပြန်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ ရပ်ကျေးတွေကနေ လုပ်ဆောင်နေတာ ရှိပါတယ်။ အဲဒါတွေ မလုပ်ဆောင်ဖို့ ကျွန်တော်တို့ဘက်က အရေးယူမယ့်အကြောင်း ကြေညာတာဖြစ်ပါတယ်။ ဘယ်လိုအရေးယူမယ်ဆိုတာ မပြောသေးပါဘူး ခင်ဗျာ”လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) မှ ပြောခွင့်ရ နိုင်ဗညားမွန်ကပြောဆိုပါတယ်။

ကျိုက်မရော မြို့နယ် မှာ စစ်ကောင်စီ က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တဆင့် ကျေးရွာလူဦးရေ အနေအထားပေါ် မူတည်ပြီး လူ ၂ နှစ်ဦး ၁၀ ဦးအထိ စာရင်းကောက်ပေးဖို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတယ်လို့ မွန်ပြည်သစ်ပါတီ AD ကဆိုပါတယ်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ အနေနဲ့ စစ်ကောင်စီ ညွှန်ကြားတဲ့ အတိုင်းလုပ်ဆောင်ပါက အရေးယူခံရမှာဖြစ်ကြောင်း၊ စစ်ကောင်စီ ရဲ့ လူငယ်တွေကို အဓမ္မ စစ်မူထမ်းခိုင်းတဲ့ ဥပဒေကို မွန်ပြည်သစ်ပါတီ AD အနေနဲ့ ဆန့်ကျင်ကြောင်း မွန်ပြည်သစ်ပါတီ(AD) က ဆိုပါတယ်။

စစ်ကောင်စီ ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကလည်း ချောင်းဆုံမြို့နယ် အတွင်း က လူ ၄၇ ဦး စစ်မှုထမ်းရမယ်လို့ ပြီး ခဲ့တဲ့ ဖေဖော်ဝါရီ လ ၁၇ ရက်နေ့ ကပြောကြားသွားတယ်လို့ သိရှိရပါတယ်။

ချောင်းဆုံ မြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၄၇ အုပ်စုရှိပြီး ကျေးရွာအုပ်စု တစ်ခုကို တယောက်နှုန်း နဲ့ စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ကပြောကြားသွားတာဖြစ်တယ်။

လတ်တလောမှာ စစ်ကောင်စီ က ရန်ကုန်အပါအဝင် မြို့တချို့ မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တွေကနေတဆင့် စစ်မှုထမ်း စာရင်းကောက်တာတွေ လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။

စစ်ကောင်စီ ဟာ လာမယ့် နှစ်သစ်ကူးကာလ သင်္ကြန်အပြီးမှာ စစ်မှုထမ်း တွေစတင်ခေါ်ယူမယ်လို့ပြောဆိုထား တာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *