ကြံခင်းတွင် စစ်မှုထမ်းကိစ္စကို မကျေနပ်ကြောင်းပြောသည့် အမျိုးသားတစ်ဦးကို ဖမ်းသွားပြီး နာရီပိုင်းအတွင်း အလောင်းလာထုတ်ခိုင်း

ဧရာဝတီတိုင်း၊ ကြံခင်းမြို့တွင် စစ်မှုထမ်းကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံများက အိမ်နံပါတ် လိုက်ကောက်ရာ မကျေနပ်ကြောင်းပြန်လည်ပြောဆိုသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားပြီးနောက် နာရီပိုင်းအတွင်း မှာပင် အလောင်းကို လာထုတ်ခိုင်းကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူများထံက သတင်းရရှိသည်။

အသတ်ခံရသူမှာ အမည်မှာ ကိုသန်းထွန်းအေးဖြစ်ပြီး စစ်တပ်သတင်းပေး ကိုနိုင် ဆိုသူ၏ တိုင်ကြားမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာကာ ယနေ့ မတ်လ ၂၀ ရက် နံနက် ၉ နာရီတွင်ဖမ်းဆီးသွားပြီး ယနေ့ နံနက် ၁၁ နာရီတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“စစ်မှုထမ်းကိစ္စနှင့်ပတ်သက်ပြီး ရပ်ကွက်မှာ ကိုနိုင်တို့အဖွဲ့က စာရင်းတွေလိုက်ကောက်နေကြတာ။ အဲ့ဒါ ရန်ပြန်တွေ့ပြီး မကျေနပ်ကြောင်းတွေပြောတော့ ကိုနိုင်က သွားတိုင်တယ်ပြောတယ်။ အု​ပ်စုလိုက် စစ်သားတွေ ရဲတွေရောက်လာပြီး ဖမ်းသွားတာ။ သိပ်မကြာဘူး သေသွားပြီ သတင်းတွေကြားရတာပဲ။ မြို့ထဲမှာလည်း စိတ်မကောင်းကြဘူး” ဟု ကြံခင်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်ချင်းခံရသည့် ကိုသန်းထွန်းအေးမှာ ရွှေတောင်စုရပ်ကွက် ၇ လမ်းတွင်နေထိုင်ပြီး သားသမီးမရှိဘဲ ဆိုက်ကားနင်းကာ ရိုးသားစွာ ရှာဖွေစားသောက်နေသူဖြစ်ကြောင်း ကြံခင်းမြို့ခံများကပြောသည်။

သေဆုံးသူ ကိုသန်းထွန်းအေးကို တိုင်ကြားသည့် စစ်တပ်သတင်းပေး ကိုနိုင် ဆိုသူမှာ ကြံခင်းတွင် နိုင်ငံရေးတက်ကြွလှုပ်ရှာသူ အများစု အဖမ်းခံရအောင် စစ်တပ်ကို သတင်းပေးသူတစ်ဦးဖြစ်ကြောင်း မြို့ခံများကပြောဆိုကြသည်။

“ဖမ်းလာတာသိပ်မကြာဘူး ရိုက်နှက်စစ်တာ စစ်ဖိနပ်တွေနဲ့ ဝိုင်းဝန်းကန်ကြောက်တာ ​မြင်လိုက်ရတယ်။သိပ်မကြာလိုက်ဘူး သေသွားတယ်။ ဆေးရုံ ရင်ခွဲရုံမှာ ခွဲစိတ်ကြည့်လိုက်တော့ နံရိုးတွေကျိုးကုန်ပြီး အထဲမှာ စိုက်နေတာလို့ သိရတယ်” ဟု ကြံခင်းမြို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှစ်နီးစပ်သူတစ်ဦးကပြောသည်။

နာရီပိုင်းအတွင်း စစ်ကောင်းစီတပ်၏ သတ်ဖြတ်ခြင်းခံရသည့် ယခုဖြစ်စဥ်သည် ကြံခင်းမြို့နယ်တွင် ပထမဦးဆုံးဖြစ်ပွားခြင်းဖြစ်ပြီး ယခုဖြစ်စည်ကို ကြားသိရ၍ မြို့သူ၊ မြို့သားများ စိုးရိမ်ထိန့်လန့်နေကြကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *