ရေဦးမြို့ ထွေ/အုပ်ရုံးတွင် စစ်မှုထမ်းဥပဒေအရ လူငယ်များကို တပ်ထဲ ခေါ်ယူရေး အစည်းအဝေးလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု များပြား

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ စစ်မှုထမ်းဥပဒေ အရ လူငယ်များကို တပ်ထဲ ခေါ်ယူရေး အစည်းအဝေးလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၊ ပျူစောထီး ၁၃ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

မတ်လ ၁၇ ရက်မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန်က ရေဦးမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ရေဦးမြို့နယ် ဗျူဟာမှူးဖြိုးထက်ဝင်းအပါအဝင် အရာရှိကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများ ပူးပေါင်းပြီး ပြည်သူကို အတင်း အဓမ္မစစ်မှုထမ်းခိုင်းရန် အစည်းအဝေးပြုလုပ်နေစဉ် Fixed Wings Drone ၂ စီး ဖြင့် ဗုံးသီး ၄ လုံး ကျဲ ချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၊ ပျူ၊ အုပ် ကြီးတို့အပါအဝင် ၁၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

“ဗျူဟာမှူး ဖြိုးထက်ဝင်းအပါအဝင် အရာရှိပိုင်း ၄ ဦး၊ စစ်သား၊ ပျူ အင်အား ၅၀ နဲ့ ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေ စစ်မှုမထမ်းမနေရ အကြောင်းကို အစည်း အဝေးလုပ်တာ၊

ရေဦးမြို့အထွေထွေအုပ်ချုပ် ရေးမှူးရုံး၊ ရေစင်ကို ကာဗာယူပြီးတော့ လုပ်တဲ့ အစည်းအဝေး၊ အဲဒါကိုဗုံးကျဲခဲ့တာက ဒီနေ့မနက်မှာ သတင်းရတာက စစ်ခွေးအစစ် ၅ ကောင်အပါအဝင်၊ ပျူရော၊ အုပ်ချုပ်ရေးမှူးထဲကရော စုစုပေါင်း ၁၃ ဦးသေတယ်၊

ဒီနေ့ ရေဦးမြို့အထွက်က သင်္ချိုင်းကုန်းမှာ မသာချမယ်။ အရာရှိကြီးပိုင်း ပါမပါတော့ မသိရဘူး၊ ဒါပေမယ့် ဗုံးစထိမှန်တဲ့ဟာတော့များတယ်။” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ၊ ရေဦး PDF တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက် စစ်ကောင်စီတပ်သားများက လက်နက် ငယ် များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *