ရှမ်းမြောက်နှင့် ရခိုင်ပြည်နယ်တိုက်ပွဲများတွင် ဆုတ်ခွာလာသော ရဲတပ်ဖွဲ့ဝင် ရာချီ၍ စစ်ကောင်စီက ထောင်သွင်းအကျဉ်းချထား

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ် တိုက်ပွဲများတွင် အင်အားမမျှ၍ တပ်စခန်းနှင့်ရဲစခန်းများကို စွန့်ပြီး ဆုတ်ခွာလာသော ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာကို စစ်ကောင်စီက ထောင်သွင်းအကျဉ်းချထားကြောင်း ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်းတွင် ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာ ဆုတ်ခွာ ထွက်ပြေး လာကြောင်း၊ အလားတူ ရခိုင်ပြည်နယ်တွင်လည်း နယ်ခြားစောင့်ရဲများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခြင်း၊ ပြည်တွင်းထဲသို့ ပြန်လည် ဆုတ်ခွာ ထွက်ပြေးခြင်းများ ရှိခဲ့ကြောင်း၊ စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်မှ ဆုတ်ခွာလာသော ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာကို ရဲတရားရုံးတင် စစ်ဆေးမည်ဟုဆိုကာ ထောင်သွင်းအကျဉ်းချထားကြောင်း သိရှိရသည်။

“ရှမ်းမြောက်နဲ့ ရခိုင်ကနေ အင်အားမမျှလို့ ဆုတ်ခွာတဲ့ ၊ ထွက်ပြေးတဲ့ ရဲမှန်သမျှ နေပြည်တော်၊ တန့်ယန်း၊ မန္တလေး၊ လားရှိုး၊ တောင်ကြီး ၊ စစ်တွေ အချုပ်တွေမှာ အချုပ်ခံထားရပါတယ်။ ရဲတရားရုံးတင်ပြီး အမိန့်ချမလိုလိုလုပ်ပြီးမှ အခုထက်ထိ ချုပ်နှောင်ခံထားရတယ်။ ရှေ့တန်းမှာ ရန်သူနဲ့ တိုက်ပွဲဖြစ်လို့ မသေရင် မိမိတပ်ဖွဲ့ကို ပြန်သတင်းပို့ ဆုတ်ခွာရင် ဖမ်းပြီး အချုပ်ခံနေရတာ။ တပ်ဘက်က ဆုတ်ခွာရင်တော့ အောင်မြင်စွာ ဆုတ်ခွာလို့ သုံးနှုန်းပေမယ့် ရဲတွေ ဆုတ်ခွာလာရင် သူရဲဘောကြောင်တယ်ဆိုပြီး အဖမ်းဆီးခံထားရပါတယ်” ဟု နေပြည်တော် ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ၎င်းနှင့် ၎င်း၏ ဇနီးထံသို့ လာဘ်ပေးသူ ရဲတချို့ကိုမူ ဆုတ်ခွာလာသည့် တပ်ဖွဲ့ဝင်ဖြစ်လင့်ကစား ပြန်လည် လွှတ်ပေးကြောင်း၊ အများစုသော ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာမှာ ချုပ်နှောင်ခံထားရကြောင်း၊ အချုပ်တွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ခံနေရကြောင်း သိရှိရသည်။

“ရဲဘက်မှာဆိုရင် ရဲမှူးတွေအထိပါတယ်။ ဆုတ်ခွာလာလို့ အရေးယူမယ်ဆိုလည်း တပြေးညီ အရေးယူရမှာ။ အခုဟာ လောက်ကိုင်၊ မိုးမိတ်၊ ရခိုင်အဖွဲ့တွေပဲ အရေးယူခံရတယ်။ ဟိုပန်တစ်ခရိုင်လုံး အကုန်ထွက်ပြေးတာ တစ်ဦးမှ အရေးယူမခံရဘူး” ဟု နေပြည်တော်ရဲသတင်းရင်းမြစ်က ဆက်လက် ရှင်းပြသည်။

လက်ရှိတွင် ချုပ်နှောင်ခံထားရသော ရဲတပ်ဖွဲ့ဝင်များတွင် ရခိုင်ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင် ရာချီ၍ အဖမ်းခံထားရကြောင်း၊ မိုးမိတ်နှင့်လောက်ကိုင်ဘက်မှလည်း ရာဂဏန်းနီးပါးရှိကြောင်း သိရှိရသည်။

“နည်းပညာတိုက်ပွဲမှာ အင်အားရှိသလောက်တော့ ကြိုးစားတိုက်ခဲ့တာပဲ။ ကျည်ကုန်တော့ ဘာလုပ်ရမလဲ။ အပေါ် ဒရုန်းကို ဘယ်လိုမှ ရင်ဆိုင်လို့မရဘူး။ ကျည်ကုန်တာကို မဆုတ်လို့ အသေခံရမှာလားဗျာ” ဟု လက်ရှိ အချုပ်ကျနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

လောက်ကိုင်ဒကစမှ လက်နက်ချသော စစ်ကောင်စီတပ်သားထောင်ချီမှာမူ ဖမ်းဆီးခံရခြင်းမရှိဘဲ ရှေ့တန်းများတွင် ပြန်လည် တာဝန်ထမ်းဆောင်ခွင့်ရ ကြောင်း၊ ဆုတ်ခွာလာသော ရဲတပ်ဖွဲ့ဝင်များမှာမူ ချုပ်နှောင်ခံရကြောင်း သိရှိရသည်။

“ကျနော်တို့ လက်နက်မချခဲ့ကြပါဘူး။ လောက်ကိုင် ဒကစလို ကျည်မထွက်ဘဲ လက်နက်ချပြီး ထွက်လာတဲ့သူတွေကျတော့ အေးဆေးပဲ။ လောက်ကိုင် ဒကစမှာ စစ်သားမိသားစုတွေရဲ့ အသက်ကို ငဲ့ညှာ ဆုံးဖြတ်တယ်ဆိုတော့ ကျနော်တို့ ရဲမိသားစုတွေရဲ့ အသက်က စျေးပေါနေလို့ အရေးမလုပ်ဘဲ ချုပ်နှောင်ထားတာလား” ဟု ၄ လနီးပါး အချုပ်နှောင်ခံထားရသည့် ရဲတပ်ဖွဲ့ဝင်က မေးခွန်းထုတ်သည်။

တိုက်ပွဲတွင် မသေဘဲ ထွက်ပြေးလာသည့် ရဲတပ်ဖွဲ့ဝင် အများစုမှာ မိမိ၏ သက်ဆိုင်ရာ တပ်ဖွဲ့ကို သတင်းပြန်ပို့ပြီးသည့်နောက် အချုပ်ထဲ တန်း၍ ရောက်ရှိကြောင်း၊ ရဲတပ်ဖွဲ့ဝင်များကို အရှင်ပြန်လာသည်ကို မမြင်တွေ့လိုသည့် သဘောဖြစ်ကြောင်း၊ ဆုတ်ခွာလာသော ရဲတပ်ဖွဲ့ဝင်များတွင်ပင် အထက်လူကြီးနှင့် ပိုင်သော ရဲတပ်ဖွဲ့ဝင်များမှာ အချုပ်မခံရဘဲ တာဝန်ပြန်လည် ထမ်းဆောင်ခွင့်ရရှိကြောင်း ဖမ်းဆီးခံထားရသော ရဲတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်အရ သိရှိရသည်။

ဓာတ်ပုံ- ဖေဖော်ဝါရီလအတွင်း ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးခဲ့ကြသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *