ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)ရဲဘော်များ စစ်ကောင်စီတပ်ဖွဲ့ဝင်များအဖြစ်အသွင်ယူပြီး တိုင်းစစ်ဌာနချုပ်အတွင်း ဝင်ရောက်တိုက်ခိုက်
စစ်ကောင်စီ၏ ထိပ်တန်းအရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အရာရှိ၊ အရာခံများ ထိခိုက်ဒဏ်ရာရဟု ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)ပြော
ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)မှ ရဲဘော်များသည် တိုင်းစစ်ဌာနချုပ်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် အသွင်ယူဝင်ရောက်ပြီး တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန် ပကဖ(အထူးတပ်ဖွဲ့)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။
ယနေ့ သောကြာနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်ကောင်စီအရာရှိကြီးများ ဂေါက်သီးရိုက်ကစားနေသည့် ဂေါက်ကွင်းနေရာသို့ ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် အောင်မြင်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။
ရန်ကုန်ပကဖ(အထူးထောက်လှမ်းရေးအဖွဲ့)အသွင်ယူ ရဲဘော်များထံမှ တိုင်းစစ်ဌာနချုပ်သို့ စစ်ကောင်စီ၏ ကစထ(၅)မှူး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့်အဖွဲ့ လာရောက်မည်ဖြစ်ကြောင်း၊ ၎င်းအပါအဝင် စစ်ကောင်စီဝန်ကြီးအချို့၊ ရန်ကုန်တိုင်း စစ်တိုင်းမှူးနှင့် မြို့တော်ဝန်၊ အခြား တပ်ဘက် အရပ်ဘက်အရာရှိကြီးများ လာရောက်ရန်ရှိကြောင်း အတွင်းသတင်းအတိအကျ ပေးပို့လာသည့်အတွက် ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)မှ ရဲဘော်များက တိုင်းစစ်ဌာနချုပ်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် အသွင်ယူဝင်ရောက်ပြီးအချိန်မီ တိုက်ခိုက်နိုင်ရန် ကြိုတင်ပြင်ဆင်ခဲ့ခြင်းဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ ထိပ်တန်းအရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အရာရှိ၊ အရာခံများ ထိခိုက်ဒဏ်ရာရရှိမှု များပြားကြောင်းသိရပြီး သေဆုံးစာရင်းကို အတိအကျမသိရသေးဟု ဆက်လက်ပြောသည်။ ဖြစ်စဥ်နှင့် ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။
တိုက်ခိုက်မှု ပေါက်ကွဲသံကို ဘေးပတ်ဝန်းကျင်မြို့နယ်များက ကြားရပြီး လက်ရှိတိုင်းစစ်ဌာနချုပ်အတွင်းသို့ မီးသတ်ကားနှင့်လူနာတင်ကားများ ဝင်သွားကြောင်း သိရသည်ဟု ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က ပြောသည်။
ရန်ကုန်ပကဖသည် စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီး ပြည်သူအပေါ် မတရားသဖြင့် ဗိုလ်ကျစိုးမိုး၊ နိုင့်ထက်စီးနင်းပြုမူလျက် အာဏာကိုအလွဲသုံးစားလုပ် ငွေညှစ်၊ အကြပ်ကိုင်မှုများ၏ အဓိကခေါင်းကိုင် ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ ဦးတည်တိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။
ထို့ကြောင့် စစ်ကောင်စီ၏ နောက်လိုက်နောက်ပါ၊ ထောက်တိုင်၊ သတင်းပေး၊ တိုင်း၊ခရိုင်၊မြို့နယ်၊ရပ်ကွက်၊ကျေးရွာ အဆင့်ဆင့် တာဝန်ယူလုပ်ကိုင်နေသူများကိုလည်း ပြည်သူအပေါ်ဆက်လက်မောက်မာကျူးလွန်မှုများ ရှိနေကြောင်း တွေ့ရပါက စနစ်တကျလေ့လာပြီး အပြီးသပ်ချေမှုန်းတိုက်ခိုက်မှုများ ဆက်တိုက်ဆောက်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးအပ်သည်ဟု သတိပေးထားသည်။
ဖေဖော်ဝါရီနှင့် မတ်လ နှစ်လအတွင်းမှာပင် ရန်ကုန်မြို့တွင်ရှိသည့် စစ်ကောင်စီနှင့် ဆက်စပ်သည့်နေရာ ၁၈နေရာအထိ မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုများအနက် အကြီးဆုံးပြစ်မှတ်အနေဖြင့် ငါးခုပါဝင်ခဲ့သည်။
လေယာဥ်ဆီတင် MVသင်္ဘော ဖောက်ခွဲတိုက်ခိုက်မှု၊ MEC အရာရှိများ နေထိုင်သည့် မြဝတီအရာရှိရိပ်သာ ဖောက်ခွဲတိုက်ခိုက်မှု၊ Mytel ရုံးချုပ် ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု၊ အင်းစိန်မြို့နယ်မှာရှိ လေတပ်အိမ်ရာဝင်း ပစ်ခတ်တိုက်ခိုက်နှင့် ယခု ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်ကောင်စီအရာရှိကြီးများ ဂေါက်သီးရိုက်ကစားနေသည့် ဂေါက်ကွင်းနေရာအတွင်း ဝင်ရောက်တိုက်ခိုက်မှုတို့ ဖြစ်သည်။
“ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများ”
▪️ဖေဖော်ဝါရီ ၇ – မြေနီကုန်းတံတားအောက် စစ်တပ်ဘန်ကာဖောက်ခွဲတိုက်ခိုက်(Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GOD အဖွဲ့)
▪️ဖေဖော်ဝါရီ ၉ – မင်္ဂလာဒုံလေဆိပ်အနီး စစ်ကောင်စီဂိတ် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်(Operation Flame – OF)
▪️ဖေဖော်ဝါရီ ၁၃ – လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးနှင့် ရဲတပ်ရင်း (၉) အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ(Dark Shadow တပ်ဖွဲ့)
▪️ဖေဖော်ဝါရီ ၁၈ – လှိုင်သာယာမြို့နယ် (၁၂)နှင့် (၉)ရပ်ကွက်ရုံးအနီး ဗုံးများပေါက်ကွဲ(မသိရ)
▪️ဖေဖော်ဝါရီ ၂၁ – လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီနှင့်ဆက်နွယ်နေသည့် တရုတ်စားသောက်ဆိုင်ကို မိုင်းခွဲတိုက်ခိုက် (Dark Shadow တပ်ဖွဲ့)
▪️ဖေဖော်ဝါရီ ၂၄ – လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးနှင့် ပျူစောထီးများ စုဝေးရာနေရာ ဖောက်ခွဲတိုက်ခိုက်ခံရ (ရန်ကုန်တိုင်း မြောက်ပိုင်း-ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့)
▪️ဖေဖော်ဝါရီ ၂၆ – မင်္ဂလာဒုံစစ်ဆေးရုံလုံခြုံရေးဂိတ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်(Dark Shadow)
▪️ဖေဖော်ဝါရီ ၂၇ – မရမ်းကုန်းမြို့နယ်တရားရုံး ဗုံးခွဲတိုက်ခိုက်ခံရ(Yangon Victory Force အဖွဲ့)
▪️ဖေဖော်ဝါရီ ၂၈ – Mytel ရုံးချုပ် ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်( Yangon Army၊ အနောက်ပိုင်းခရိုင် ပကဖ)
▪️မတ်လ ၁ – လေယာဥ်ဆီတင် MVသင်္ဘောအား ဖောက်ခွဲတိုက်ခိုက် (ရန်ကုန်တိုင်းပကဖ – ရေငုပ်အထူးတပ်ဖွဲ့)
▪️မတ်လ ၁ရက် – Zeroမိုင်တိုးဂိတ်ရှိ ယာဉ်ထိန်းရဲများအား တိုက်ခိုက်(Yangon Army၊ အနောက်ပိုင်းခရိုင် ပကဖ)
▪️မတ်လ ၈ – အင်းစိန်မြို့နယ်ရှိ လေတပ်အိမ်ရာဝင်း ပစ်ခတ်တိုက်ခိုက် (Urban Special Force U.S.F – မြို့ပြအထူးတပ်ဖွဲ့)
▪️မတ်လ ၁၀ – MEC အရာရှိများနေထိုင်သည့် မြဝတီအရာရှိရိပ်သာ ဖောက်ခွဲတိုက်ခိုက်(ရန်ကုန်တိုင်း ပကဖ အထူးတပ်ဖွဲ့)
▪️မတ်လ ၂၂ – ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်ကောင်စီအရာရှိကြီးများ ဂေါက်သီးရိုက်ကစားနေသည့် ဂေါက်ကွင်းနေရာဝင်ရောက်တိုက်ခိုက်(ရန်ကုန် ပကဖ(အထူးတပ်ဖွဲ့))
(ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) ရဲဘော်များ တိုက်ခိုက်ခဲ့သည့် နေရာအား ပြသထားစဥ်။)
Leave a Reply