ရွှေဘိုမြို့တွင် စစ်မှုထမ်းရေး ဝါဒဖြန့် လက်ကမ်းကြော်ငြာ နှင့် စစ်မှုထမ်းရမည့် လူငယ်စာရင်းပြုနေသည့် အုပ်ချုပ်ရေးမှူး နန်းနွယ်ဦး(ခ) ကျွဲမ ပစ်ခတ်ခံရ ပြီး သေဆုံး

ရွှေဘိုမြို့တွင် စစ်မှုထမ်းရေး ဝါဒဖြန့် လက်ကမ်းကြော်ငြာ နှင့် စစ်မှုထမ်းရမည့် လူငယ်စာရင်းပြုနေသည့် အုပ်ချုပ်ရေးမှူး နန်းနွယ်ဦး(ခ) ကျွဲမ ပစ်ခတ်ခံရ ပြီး သေဆုံး၊ သေနတ်အတုနှင့် စစ်မှုထမ်းဆင့်ခေါ်ရေး စာရွက် စာတမ်းများသိမ်း ဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက်အတွင်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အကြမ်းဖက် စစ်ကောင်စီခန့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး နန်းနွယ်ဦး(ခ) ကျွဲမ ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယနေ့ မတ်လ ၂၂ ရက် နံနက် ၁၀ နာရီကျော်ခန့်အချိန် ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက်၊ ပြည်တော်သာ ၅ လမ်းထိပ် ရွှေလက်ပွား လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသော အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး နန်းနွယ်ဦး(ခ)ကျွဲမကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

“သူက မဘသ ခေါင်းဆောင်ပဲ၊ လောဘီမှာ အကြီးစား၊ သူက ၄ ရပ်ကွက် အုပ်ကြီး၊ နေတာက မရိုးကုန်းထဲနေတာ၊ လက်နက်ကိုင်တော့ အစစ်မှတ်ပြီး ကျနော် တို့လည်း မကပ်ရဲဘူး၊ ကျည် တွေက တော့ အစစ်ပါတယ်၊ သူ့ဖမ်းပြီးတော့ ကျနော်တို့ သေနတ်ကျည် ကုန်သွားလို့ သူ့သေနတ်နဲ့ပစ်တော့ ဂျပ် ဂျပ်နဲ့ အဲဒီကျမှ အတုကြီးမှန်းသိတာ၊” ဟု ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိ သူတစ်ဦးကပြောကြားသည်။

သေဆုံးသူ အုပ်ချုပ်ရေးမှူးထံမှ ၅ ဒသမ ၅၆‌ ကျည် ၁၀ တောင့်၊ ၉ လုံးကျည် ၁၀ တောင့်၊ အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး တံဆိပ်တုံး ၂ ခု၊ မှတ်ပုံတင်၊ အကြမ်းဖက်စစ်ကောင်စီမှ ထုတ်ထားသည့် စစ်မှုထမ်းဖိတ်ခေါ်မှု လက်ကမ်းစာစောင်နှင့် ပင်စင်စားများကို ထုတ်ပေးသည့် စာရွက်စာတမ်းဖိုင် တစ်ခု၊ ဖုန်းတစ်လုံး၊ သေနတ် အတုတစ်လက်နှင့် ဓားမြှောင်တစ်ချောင်းတို့ကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် သင်္ခအားမာန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက်ရှင်းလင်းခဲ့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *