နန်းနန်းတို့ ဘတ်ဘတ်ကို စိတ်ကောက်သွားပြီ

ဟင်္သာတမြို့နယ်မှ Non CDM ဆွဲခန့် ပညာရေးဝန်ထမ်း၃၀ခန့်ကို အခြေခံစစ်သင်တန်း တက်ရန် စာရင်းသွင်းသဖြင့် နှုတ်ထွက်စာတင်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ကျေးရွာမူလတန်းလွန်စာသင်ကျောင်းများမှ Non CDM မူလတန်းပြ(ဆွဲခန့်)ပညာရေးဝန်ထမ်း ၃၀ ဦးထက်မနည်းကို မြို့နယ်ပညာရေးမှူးရုံးမှ ဖောင်ကြီးဝန်ထမ်းတက္ကသိုလ်ထံသို့ မတ်လ တတိယအပတ်ကစ၍ အခြေခံစစ်သင်တန်းတစ်လကြာတက်ရောက်ရန် စာရင်းသွင်းခိုင်းမှုကြောင့်နှုတ်ထွက်စာတင်မှုများရှိနေကြောင်း ပညာရေးဝန်ထမ်းအသိုင်းအဝန်းထံကသိရသည်။

ဟင်္သာတမြို့အနီးရှိ မြို့ကွင်း၊ရွှေမန်းလွင်၊အင်းငဖြူ၊ ကြက်တူရွေးနှင့်ရွာသစ်တောင် စသည့် ကျေးရွာများရှိ မူလတန်းလွန်စာသင်ကျောင်းများမှ မူလတန်းပြ (ဆွဲခန့်)ပညာရေးဝန်ထမ်း ၃၀ ဦးခန့်က နှုတ်ထွက်စာတင်ထားကြောင်း သိရသည်။

“ ရွာဘက်က ဆွဲခန့်မူလတန်းပြတွေကို အခြေခံစစ်သင်တန်း ဖောင်ကြီးတက်ရမယ်ဆိုပြီးစာရင်းသွင်းခိုင်းလိုက်တာ။ မတက်ချင်တဲ့သူတွေက နှုတ်ထွက်စာတင်ပြီး ရှောင်တဲ့သူတွေလည်းရှောင်ကြတယ်ပေါ့။ လောလောဆယ်က အယောက် ၃၀ လောက်သင်တန်းတက်ဖို့လျာထားတာ။ ရှောင်ကုန်တော့တွေ့တဲ့သူစာရင်းထည့်ပြီးသင်တန်းလွှတ်နေရတယ်”ဟုဟင်္သာတ မြို့နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့အပြင် မြို့နယ်ပညာရေးမှူးရုံးနှင့် ခရိုင်ပညာရေးမှူးရုံးထံသို့ ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့ကစပြီး အခြေခံစစ်သင်တန်း မတက်ရောက်လို၍ နှုတ်ထွက်စာတင်ထားသူ မူလတန်းပြ(ဆွဲခန့်)ဆရာ၊ဆရာမ၄၀ဦးထက်မနည်း ရှိနေသည့်အတွက် ခရိုင်ပညာရေးမှူးရုံးဝန်ထမ်းများမှ စစ်သင်တန်းတက်ရောက်ရန်
အတွက် ခံဝန်ရေးထိုးခိုင်းမှုကြောင့် နေအိမ်များမှ တိမ်းရှောင်သူများရှိနေကြောင်း အခြေခံစစ်သင်တန်း တက်ရောက်ရန် ဖိအားပေးစေခိုင်းခံရသည့် ပညာရေးဝန်ထမ်းများထံကသိရသည်။

“ စစ်သင်တန်းတက်ဖို့ စာရင်းပါတာနဲ့မြို့နယ်ရုံးမှာနှုတ်ထွက်စာတင်ထားတယ်။ အဲတာကို ခရိုင်ရုံးကသူတွေက စာနဲ့ကောလူနဲ့ပါ အိမ်ကို လာပြောကြလို့ရှောင်ကုန်ပြီ။ စစ်မှုထမ်းဖို့ဆိုပြီး အိမ်က မောင်တစ်ယောက် စာရင်းပါသွားထဲက ရှောင်ဖို့လုပ်နေတာ။ အခုလိုကြီးပညာရေးဝန်ထမ်းတွေပါ စစ်မှုထမ်းခိုင်းဖို့ကြိုးပမ်းတာကိုတော့လက်မခံတော့ဘူး။ အခြားပညာရေးဝန်ထမ်းတွေလည်း စစ်မှုမထမ်းချင်ရင် နှုတ်ထွက်ဖို့လိုနေပြီ။ တမင်တကာ ဝန်ထမ်းတွေကို ထိုးကျွေးနေတာ” ဟု အခြေခံစစ်သင်တန်းတက်ရောက်ရန် ဖိအားပေးစေခိုင်းခံရသည့် ရွာသစ်တောင်ကျေးရွာမှ Non CDM မူလတန်းပြကျောင်းဆရာမတစ်ဦးကဆိုသည်။

အလားတူ ပုသိမ်မြို့နယ်ရှိ ကျေးရွာမူလတန်းလွန်စာသင်ကျောင်းများမှ Non CDM ပညာရေးဝန်ထမ်း ၄၀ဦး ထက်မနည်းကို မြို့နယ် ပညာရေးမှူးရုံး ညွှန်ကြားချက်ဖြင့် ပြီးခဲ့သည့်မတ်လ ဒုတိယအပတ်ကမှ ဧပြီလ ဒုတိယအပတ်အထိ အချိန်တစ်လကြာအခြေခံစစ်သင်တန်းတက်ရောက်ရန် ဝန်ထမ်းတက္ကသိုလ်( ဖောင်ကြီး) သို့ပို့ထားကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *