ရခိုင်ပြည်နယ်သယံဇာတဝန်ကြီး နှလုံးအမောဖောက်သေဆုံး

စစ်ကောင်စီ၏ ရခိုင်ပြည်နယ်သယံဇာတဝန်ကြီး
နှလုံးအမောဖောက်သေဆုံး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စစ်ကောင်စီခန့် သယံဇာတဝန်
ကြီးဦးသန်းထွန်းသည် နှလုံးအမောဖောက်ပြီး ရုတ်တရက်သေဆုံးသွားကြောင်း စစ်တွေမြို့ခံအချို့က​ပြောသည်။

ဦးသန်းထွန်းသည် ယနေ့(မတ်လ ၂၄ရက်)နံနက်တွင် စစ်တွေမြို့ရှိရင် ၎င်း၏နေအိမ်၌ ရုတ်တရက်နှလုံးအမောဖောက်ပြီး လဲကျသွားခဲ့ကြောင်းနှင့် မိသားစုဝင်များက စစ်တွေဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဆေးရုံအရောက်၌သေဆုံးသွားခြင်းဟု ဒေသခံတဦးကပြောသည်။

“သေဆုံးသွားပြီ။ နာရေးက အိမ်မှာပဲ လုပ်နေတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။

ဦးသန်းထွန်းသည် သေဆုံးချိန်၌ အသက် ၆၇ နှစ်ရှိပြီဖြစ်သည်။ ၎င်းသည် လူမှုကူညီရေးလုပ်ငန်းများလည်းလုပ်ကိုင်သလို ရခိုင်တိုင်းရင်းသားအရေး ဆောင်ရွက်သူအဖြစ် လူသိများသည်။ စစ်တပ်မှ အရပ်ဝတ်​ပြောင်း အုပ်ချုပ်​သော သမ္မတဟောင်းဦးသိန်းစိန်လက်ထက်နှင့် ​ရွေး​ကောက်ခံ အရပ်သားအစိုးရလက်ထက်များတွင် အစိုးရအား သတင်းမီဒီယာများမှတဆင့် ဝေဖန်ခဲ့ဖူးပြီး ၂၀၂၁ ခုနစ်တွင် စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးနောက် တိုင်းနှင့်ပြည်နယ်အစိုးရများဖွဲ့စည်းသည့်အခါ ဦးသန်းထွန်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် သယံဇာတဝန်ကြီးဖြစ်လာသည်။

စစ်ကောင်စီနှင့် ယင်းကဲ့သို့ပူးပေါင်းသွားသောကြောင့် ဒေသခံလူမှုကူညီအဖွဲ့များ၏ ဖယ်ကျဉ်ခြင်းကို ခံခဲ့ရသည်။

“သူက အစကတော့ လူတော်ဗျ။ စစ်တပ်က အစိုးရအဖွဲ့ဖွဲ့ဖို့ လူလိုက်ရှာတော့ သူပါသွားတာ။ အခုလည်း သူအပူနဲ့သူပဲ။ တခြားတော့ ပြောစရာမရှိတော့ဘူး” ဟု ဦးသန်းထွန်း၏ မိတ်​ဆွေ​ဟောင်း မြို့ခံတဦးကပြောသည်။

ရခိုင်ပြည်နယ်မှ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော် AA က ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေပြီး ပြည်နယ်အတွင်းရှိ မြို့ကြီးကိုးမြို့ အား AAက တိုက်ခိုက်သိမ်းပိုက်ထားသည်။

ဘူးသီး​တောင်၊ ​မောင်​တော မြို့များရှိ စစ်​ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်​တော်က ထိုးစစ်ဆင်တိုက်ခိုက်​နေပြီး ထိုမြို့များ သိမ်းပိုက်ပြီးပါက စစ်​တွေမြို့ရှိ စစ်​ကောင်စီတပ်စခန်းများကို AAက တိုက်ခိုက်သိမ်းပိုက်လိမ့်မည်ဟုသတင်းများကျယ်ပြန့်စွာထွက်ပေါ်နေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ချင်းပြည်နယ်၊ ဟားခါးမြို့မှ စစ်ကောင်စီ ဗျူဟာမှူး ဗိုလ်မှူးကြီးဟိဏ်းထက်အောင်သည် နှလုံးအမောဖောက်ပြီး ရုတ်တရက်သေဆုံးခဲ့ကြောင်းချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က ထုတ်ပြန်ခဲ့သည်။

(အာဏာသိမ်းခေါင်းဆောင်နှင့်အတူတွေ့ရသည့်ဦးသန်း
ထွန်း(​ဝဲဘက်အစွန်) ။ဓာတ်ပုံ -စစ်​ကောင်စီ )


Comments

Leave a Reply

Your email address will not be published. Required fields are marked *