တပ်သားသစ်စုဆောင်းမှုနှင့် စာရင်းကောက်ယူမှုများ ငြိမ်သက်လာ

စစ်မှုထမ်းရန် စာရင်းကောက်ယူသည့် အုပ်ချုပ်ရေးမှူးတချို့ သတ်ဖြတ်ခံရပြီးနောက် တပ်သားသစ်စုဆောင်းမှုနှင့် စာရင်းကောက်ယူမှုများ ငြိမ်သက်လာ

စစ်ကောင်စီက အတည်ပြုခဲ့သည့် ပြည်သူ့စစ်မှုမထမ်း မနေရ ‌ဥပဒေကို ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျေးရွာ၊ ရပ်ကွက်များအတွင်း ပြည်သူများကိုဖိအားပေး စာရင်းကောက်ယူမှုများလုပ်ဆောင်ကာ မဲနှိုက်၍ လူရွေးချယ်မှုများပါ ပြုလုပ်ခဲ့ကြသည်။

စစ်ကောင်စီလက်အောက်ခံ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများသည် အဆိုပါဥပဒေကို အကြောင်းပြုကာ စီးပွားရေးဆန်ဆန်ပြုလုပ်၍ ခြိမ်းခြောက်မှုများ၊ ငွေကြေး ကောက်ခံမှုများ ရှိလာခဲ့သည်။

စစ်မှုထမ်းဥပဒေအပေါ် ပြည်သူများ၏ စိုးရိမ်ထိတ်လန့်မှုကို အခွင့်အရေးယူကာ စီးပွားရေးစျေးကွက်တစ်ခုပမာ လုပ်ဆောင်လာသည့် အုပ်ချုပ်ရေးမှူးများကို တော်လှန် ရေးအဖွဲ့များက သတိပေးစာများ ထုတ်ပြန်ခဲ့သော်လည်း ရပ်တန့်မှုမရှိသည့်အတွက် ပစ်ခတ် သတ်ဖြတ်ခံရခြင်းများ ရှိလာခဲ့သည်။

မြို့နယ်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ ယင်းသို့ ပစ်ခတ် သတ်ဖြတ် ခံရပြီးနောက် စစ်မှုမထမ်းမနေရ ဥပဒေဖြင့် တပ်သားသစ်စုဆောင်းမှုနှင့် စာရင်းကောက်ခံသည့် ကိစ္စရပ်များ ယခုရက်ပိုင်း အတွင်း ငြိမ်သက်သွားကြောင်း ရန်ကုန်မြို့တွင် နေထိုင် သူများထံက သိရသည်။

“အခုရက်ပိုင်းအတွင်း အုပ်ကြီးတွေ နယ်ဘက်မှာ ပစ်သတ်ခံရပြီးသေတဲ့ သတင်းတွေ တက်လာတော့ ဒီကအုပ်ကြီးတွေလည်း ငြိမ်သွားတယ်။ အရင်ရက်တွေက မဲနှိုက်ဖို့ စာရင်းကောက်နေတာ၊ ပိုက်ဆံကောက်နေတာတွေနဲ့ တရုန်းရုန်း။ ခုတော့ အိမ်ပြင် ထွက်ဝာာတောင် မတွေ့ဘူး။ အုပ်ကြီးတွေက သူတို့ သေမှာကြတော့ ကြောက်တယ်” ဟု ဒဂုံမြို့သစ်တောင်ပိုင်းတွင် နေထိုင်သူအမျိုးသမီးတစ်ဦးကပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် သတ်မှတ်ချက်အကျုံး၀င်သူများ စာရင်းကောက် ခံမှုကြောင့် မန္တလေး၊ ရေနံချောင်း၊ ၀မ်းတွင်း၊ သံတွဲ၊ စလင်း၊ ပေါင်းတည်နှင့် သဲကုန်းမြို့များမှ အုပ်ချုပ်ရေးမှူးများနှင့် ၀န်ထမ်းတချို့ ယခုမတ်လ တတိယပတ် အတွင်းက သေနတ်နှင့်ပစ်ခတ်ခံရပြီး သေဆုံးသူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

စာရင်းကောက်မှုများနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးများနှင့် ပါ၀င်ပတ်သက်သူများကို သတိပေးတားမြစ် စာအဖြစ် မန္တလေးတော်လှန်ရေးအင်အားစု ၁၂ ဖွဲ့မှလည်း စာထုတ်ပြန်ခဲ့သည်။

ထို့အပြငိ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ စစ်မှုထမ်းဥပဒေကိုအကောင်ထည်ဖော် ဆောင်ရွက်နေသူများကို ထိထိရောက်ရောက် အရေးယူမည်ဟု ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) ကသတိပေးစာထုတ်ပြန်ခဲ့ပြီး အခြားတော်လှန်ရေးအင်အားစုများ ကလည်း သတိပေးမှုများ ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ရန်ကုန်‌မြို့ပေါ်ရှိ ရပ်ကွက်အချို့မှ အုပ်ချုပ်ရေးမှူးအချို့သည် နေအိမ် အတွင်းမှ ထွက်လာခြင်းမရှိတော့ဘဲ ရှောင်ပုန်းနေကြပြီး အချို့မှာ ခရီးသွားသည် ဟု ဆိုကာ နေအိမ်များမှ ထွက်ခွာသွားသူများလည်းရှိကြောင်း သိရသည်။

“လမ်းထဲကအုပ်ချုပ်ရေးမှူးကတော့ ဆံပင်ညှပ်တာ တောင် အိမ်ခေါ်ညှပ်တယ်။ လုပ်ကြံခံရမှာစိုးလို့ သွားမညှပ်ဘူး။ အချို့ကြတော့ အလုပ်ကိစ္စနဲ့ ခရီးသွားတယ်ဆိုပြီး အမျိုးတွေရှိတဲ့နေရာမှာ သွားရှောင်နေတယ်။ အခုရပ်ကွက်ထဲမှာ စာရင်းကောက်ဝာာ ဘာညာ ငြိမ်သွားတယ်။ သူခိုးတွေကို အစားထိုးထည့်ပေး နေတယ်လို့လည်း ကြားတယ်” ဟု သာကေတတွင် နေထိုင်သူ အမျိုးသမီးက ပြောသည်။

ထို့အပြင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် စစ်မှုထမ်းဥပဒေအတွက် လုပ်ဆောင်နေသူ များကို တော်လှန်ရေး အင်အားစုများက ဓာတ်ပုံများတကွ ထုတ်ပြန်ခဲ့ပြီးနောက် အုပ်ချုပ် ရေးမှူးများ ရာထူးမှနုတ်ထွက်သူများနှင့် တိမ်းရှောင်သူများရှိကြောင်း ရပ်ကွက်နေထိုင် သူများထံက သိရသည်။

ထို့ပြင် အုပ်ချုပ်ရေးမှူးများသည် နုတ်ထွက်စာများတင်သော်လည်း စစ်ကောင်စီက ခွင့်မပြုခြင်းကြောင့် ရုံးသော့နှင့် စာရွက်စာတမ်းများကို အခြားသူများထံ ပေးအပ်ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ပုံစာ-ဖေဖော်ဝါရီ လအတွင်းက ပုဇွန်တောင်မြို့နယ်တွင် စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းနေ စဉ် နှင့် ဒေါပုံတွင် လက်ကမ်းစာစောင်များ ဝေငှနေစဉ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *