မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အိုင်းမကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ်ထဲအထိ ဝင်ရောက်ပစ်ခတ်ခံရပြီး သေနတ်ချ၍ ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိသည်။
ယမန်နေ့ မတ်လ(၂၆)ရက်နေ့ နေ့လယ်(၁)နာရီခန့်က မြင်းခြံမြို့နယ်၊ အိုင်းမကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်မင်းမိုးဆိုသူ အား PDF နှစ်ဖွဲ့ပူးပေါင်း၍ ဝင်ရောက်ပစ်ခတ်ခဲ့သည်။
ထိုအုပ်ချုပ်ရေးမှူးက ပြန်လည်ခုခံပစ်ခတ်ခဲ့၍ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးလွတ်မြောက်သွားကြောင်း HERO DEFENCE FORCE (မြင်းခြံ)အဖွဲ့က ပြောသည်။
“အိမ်ထဲအထိဝင်ပစ်တာ။ သူ့သေနတ်က ခြံစည်းရိုး နဲ့ ငြိနေလို့ ဖြုတ်ချထားခဲ့ပြီးပြေးတာ။”ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောသည်။
အုပ်ချုပ်ရေးမှူး ထိခိုက်မှုရှိ၊ မရှိအား စုံစမ်းနေကြောင်း ၎င်းက ပြောသည်။ ၎င်းထံမှ ကာဘိုင်သေနက် ၁ လက် ၊ ကျည်ဘောက် ၂ ခု ၊ ကာဘိုင်ကျည် ၄၃ တောင့် အားသိမ်းဆည်း ရမိခဲ့သည်ဟုသိရသည်။
“ရွာထဲ ထောက်ခံစာ ရေးရင် တစ်စောင် ၂၀၀၀ ကျပ် တောင်းပါတယ်။ စကစ တွေလည်း မကြာခဏခေါ်တာမျိုး လုပ်လေ့ရှိပါတယ်။”ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက စစ်ကောင်စီ အုပ်ချုပ်ရေးမှူး အကြောင်းပြောသည်။
ထိုစစ်ဆင်ရေးကို HERO DEFENCE FORCE (မြင်းခြံ) နှင့် ရွှေဂျိူးဖြူ – ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) ညီနောင်မဟာမိတ်နှစ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မြင်းခြံမြို့နယ်သည် အာဏာသိမ်းစစ်တပ်အား ခုခံတော်လှန်မှုအားကောင်းသော ဒေသတစ်ခုဖြစ်ပြီး စစ်တပ်ကလည်း စစ်ကြောင်းထိုးအကြမ်းဖက်မှုများ ပြုလုပ်နေသည်။
စစ်မှုမထမ်းမနေရ ဥပဒေဖြင့် စစ်ကောင်စီအတွက် စစ်သားသစ် စုဆောင်းပေးသော စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ရာအိမ်မှူးများ နိုင်ငံတစ်ဝန်း ရက်ပိုင်းအတွင်း ဆယ်နှင့်ချီ အသတ်ခံနေရသည်။
(သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်အချို့အား တွေ့ရစဥ်။ ဓါတ်ပုံ-ရွှေဂျိုးဖြူ)
Leave a Reply