PDF စခန်းအခြေအနေကိုစုံစမ်းလေ့ရှိတဲ့ စစ်တပ်သတင်းပေးဆိုသူ ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်က စစ်ကောင်စီသတင်းပေးဆိုသူ အမျိုးသားတဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ Phoenix DF က သတင်းထုတ်ပြန်ထားပါတယ်။

နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းအုပ်စု၊ ကံစုရွာမက အသက် ၆၀ နှစ်အရွယ် ကိုတင်စိုးကို မတ် ၂၆ ရက်နေ့လယ်ပိုင်းက ပဲခူးရိုးမအစပ်တနေရာမှာ သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ပြောပါတယ်။

“ဦးတင်စိုးက တောထဲကို ထင်းတိုက် ဝါးတိုက်ဟန်ဆောင်ပြီး ရောက်လာလို့ စစ်မေးဖို့ဖမ်းဆီးချိန် ထွက်ပြေးဖို့ကြိုးစားလို့ ပစ်သတ်ခဲ့ရတာပါ” လို့ Phoenix DF မှ တပ်ခွဲမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။

ကိုတင်စိုးဟာ PDF စခန်းအခြေအနေကို သုံးကြိမ်ထက်မနည်း စုံစမ်းမှုတွေလုပ်ခဲ့ပြီး သက်သေ အထောက်အထား ခိုင်လုံမှသာ ခုလိုရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူသတင်းပေးတာကြောင့် မြေပြင်ထောက်ပို့နေသူတွေလည်း သွားလာနေထိုင်ရတာတွေ ခက်ခဲမှုတွေရှိနေတယ်လို့ ဗိုလ်မိုးကြိုးကဆက်ပြောပါတယ်။

ကိုတင်စိုးအလောင်းကို စစ်အုပ်စုဘက်က မတ် ၂၇ ရက် ဒီနေ့အထိ လာမကောက်သေးဘူးလို့ ဆိုပါတယ်။

ကိုတင်စိုးဟာ အုပ်ချုပ်ရေးမှူးတွေ စစ်သားတွေ ရဲတွေနဲ့ပေါင်းကာ စစ်ကောင်စီကို သတင်းပေးနေတဲ့ အပြင် လမ်းပြလုပ်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတွေကို လက်နက်ကြီး၊ငယ်တွေနဲ့ ပစ်ခတ်ခံရတာမျိုးတွေရှိခဲ့တယ်လို့ Phoenix DF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသခံတဦးကလည်း ကိုတင်စိုးဟာ ကြံ့ခိုင်ရေးထောက်ခံသူတဦးဖြစ်ပြီး မတ် ၂၇ ရက် နေ့လယ်ပိုင်းအထိ အလောင်းက နေအိမ်ကို ပြန်မရောက်သေးဘူးလို့ ပြောပါတယ်။

Phoenix DF တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မတ် ၁၅ ရက် ညကလည်း နတ်တလင်းမြို့နယ် ကျောက်ခွက်အုပ်စု အုပ်ချုပ်ရေးမှူး ကိုဝင်းသိန်းကို သူနေထိုင်တဲ့ ကျောက်ဆွယ်ရွာ‌အိမ်မှာပဲ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *