အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းအချို့မှ တပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေး

ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းအချို့မှ တပ်ဖွဲ့ဝင်များ ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်သည့်အတွက် စခန်းစွန့်ခွာထွက်ပြေးသွားကြကြောင်း သိရသည်။

အမ်းမြို့နယ်၊ လုံးကောက်အုပ်စု တပ်တောင်ကားလမ်းဘေးရှိ စစ်ကောင်စီ၏ အမှတ် (၉၂၆) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲကို ယမန်နေ့ မတ် ၂၇ရက်နေ့တွင် AA က ဝင်ရောက်တိုက်ခိုက်ရာ ၎င်းထောက်ပို့တပ်မှ တပ်ဖွဲ့ဝင်များ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ထွက်ပြေးသွားကြကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ကို AA က သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီ၏ ခမရ-၃၇၂ တပ်မှ တပ်ဖွဲ့ဝင်များသည်လည်း ထပ်မံ၍ စခန်းစွန့်ခွာပြေးကြကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

“တပ်တွေက ပုံစံမကျတော့ဘူး။ အင်အားအပြည့်လည်း မရှိဘူး။ တိုက်ပွဲကျန်တွေ စုထားရသလိုဖြစ်နေတော့ ဆုတ်ခွာဖို့ ခွင့်တောင်းတာနဲ့ တပ်က အပြင်ရောက်နေပြီ။ ညတိုက်ပွဲပါ AA က တိုက်နေတယ်။ နပခ(အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ဆီကနေ လက်နက်ကြီး ပစ်ကူတော့တောက်လျှောက်လုပ်နေတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ မတ် ၂၇ရက် ညနေ ၃နာရီအချိန်ခန့်က စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီး ကျည်နှစ်လုံးသည် အမ်းမြို့နယ်၊ ထန်းချောင်းရွာအတွင်းသို့ ကျရောက်ခဲ့၍ ဒေသခံများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ည‌နေပိုင်းအချိန်က စတင်၍ တိုက်ပွဲဖြစ်ပွားရာ ထောက်ပို့တပ်ရင်းနှင့် ခမရ-၃၇၂ တပ်ရင်းများဘက်သို့ MI-35 ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်လျှက်ရှိကြောင်း သိရသည်။

အမ်းမြို့နယ်တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ခြေမြန်တပ်ရင်း ခမရ-၃၇၁၊ ခမရ-၃၇၂နှင့် ခမရ -၃၇၃ တို့အပြင် ထောက်ပို့တပ်၊ အင်ဂျင်နီယာ တပ်၊ ဆေးတပ်တို့တည်ရှိကြောင်း သိရသည်။

လက်ရှိတွင် AAက မောင်တောနှင့် ဘူးသီးတောင်မြို့များရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့်အပြင် အမ်းမြို့နယ်မှ စစ်စခန်းများကိုလည်း တပြိုင်နက်တည်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ် ၂၄ရက်ကလည်း AAက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ၃မိုင်ခန့်သာဝေးသည့် ပြောင်သေကျေးရွာအနီးရှိ စစ်ကောင်စီစခန်းတစ်ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။

စစ်ကောင်စီသည် ယခုကဲ့သို့ တိုက်ပွဲများမဖြစ်ပွားမီက အမ်းမြို့နယ်ထဲသို့ AA တပ်ဖွဲ့များ ဝင်ရောက်လာသည်ဟုဆိုကာ ရူးတိုက်နယ်၊ ရီဘုတ်ရွာအနီး သံကြိုးတောင်ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့အပြင် AAတပ်ဖွဲ့များ ဝင်ရောက်မလာစေရန် စစ်ကောင်စီက မတ် ၁၉ရက်နေ့က အမ်း- တောင်ကုတ်လမ်း၊ ကုတ်မောင်တန်ဂိတ်အနီးရှိလမ်းကို စက်ယန္တရားများသုံး၍ဖြိုချဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့် မတ် ၁ ရက်နေ့ကလည်း အမ်း-စစ်တွေကားလမ်းပေါ်ရှိ ကျောက်စကွဲရွာအနီးရှိတံတားနှင့် မီးလောင်ချောင်းအနီးရှိ တံတတို့ကို စစ်ကောင်စီက ဖြိုချဖျက်ဆီးခဲ့ပြီး အမ်း-တပ်တောင်ကြားရှိ လုံးကျေးရွာ အဝင်အထွက်တံတားတို့ကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *