လာအိုနိုင်ငံတွင် ကျင်းပရန်ရှိနေသည့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများအစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများတွင် NUG ကို တက်ခွင့်ပေးပြီး စစ်အုပ်စုကို အစည်းအဝေးတက်ခွင့် တားမြစ်ရန် Defend Myanmar Democracy၊ Blood Money Campaign နှင့် Global Myanmar Spring Revolution တို့က အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်ကြသည်။
အာဆီယံ နိုင်ငံများ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဩစတြေးလျ၊ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည် ထောင်စုရှိ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများထံသို့ ပေးပို့သော တောင်းဆိုစာတွင် လာအိုနိုင်ငံတွင် ဧပြီလ ၂ ရက်မှ ၅ ရက်အထိ ကျင်းပမည့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများအစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် စပ်လျဉ်း၍ မြန်မာပြည်သူများ၏ လူ့အခွင့်အရေးအတွက် လူကြီးမင်းတို့အနေဖြင့် ထောက်ခံ မှုပေးရန် တောင်းဆိုပါကြောင်း အိတ်ဖွင့်ပေးစာကို စတင်ထားသည်။
တောင်းဆိုချက်များအနေဖြင့်
၁။ ဘဏ္ဍာရေးဝန်ကြီးဌာနှင့် ဗဟိုဘဏ်အပါအဝင် မြန်မာနိုင်ငံ၏ အစိုးရ အဖွဲ့အစည်းများကို တရားမဝင် သိမ်းပိုက်ထားသည့် စစ်အုပ်စုနှင့် ၎င်းတို့ ခန့်အပ်ခံရသူများအား ဤအစည်းအဝေးများမှ ဖယ်ထုတ်ရန်၊
၂။ စစ်အုပ်စု ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ ခန့်အပ်ခံရသူများကို နောင်လာမည့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် အစည်းအဝေးများ တက်ရောက်ခွင့်ကို တားမြစ်ရန်၊
၃။ ဤအစည်းအဝေးများတွင် မြန်မာပြည်သူလူထုကိုယ်စားပြုအနေဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်များဖြစ်သော အမျိုးသား ညီညွတ်ရေး အစိုးရကို တက်ရောက်ခွင့်ပေးရန် တို့ပါဝင်သည်။
အကယ်၍ မြန်မာစစ်တပ်ကို ဤအစည်းအဝေးများမှ မဖယ်ထုတ်ပါက၊ မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံသော အာဆီယံအဖွဲ့ဝင်နိုင်ငံ အစိုးရများနှင့် ဆွေးနွေးဖက်နိုင်ငံများအနေဖြင့်
၁။ မြန်မာစစ်အုပ်စုအား ဖယ်ထုတ်ခြင်းမပြုမချင်း ဤအစည်းအဝေးများနှင့် နောင် အစည်းအဝေးများကို သပိတ်မှောက်ရန်၊
၂။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အမျိုးသား ညီညွတ်ရေး အစိုးရ၏ အဓိက ကိုယ်စားလှယ်များနှင့် တရားဝင် လူသိရှင်ကြား ထိတွေ့ဆက်ဆံမှု စတင် လုပ်ဆောင်ရန်၊
၃။ အထူးသဖြင့် စစ်တပ်ထိန်းချုပ်ထားသော ဘဏ္ဍာရေးနှင့် စီးပွားရေးလုပ်ငန်းများ အပါအဝင် စစ်အုပ်စုအပေါ် ပစ်မှတ်ထားသော ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် တို့ကို တောင်းဆိုသည်။
မြန်မာပြည်သူများက ရွေးချယ်ထားသော ရွေးကောက်ခံ ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ဖွဲ့စည်းပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်များမှ ရရှိလာသည့် လုပ်ပိုင်ခွင့်များအပေါ် အခြေခံ၍ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ဖွဲ့စည်းခဲ့ကြောင်း၊ ထို့ကြောင့် အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများ အပါအဝင် နိုင်ငံတကာ ကဏ္ဍအားလုံးတွင် မြန်မာပြည်သူလူထု၏ သင့်လျော်သော၊ တရားဝင်ပြီး ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များသည် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ဖြစ်ကြောင်း အဖွဲ့ ၃ ၏ တောင်းဆိုစာတွင် ရေးသားထားသည်။
နိုင်ငံခြားအစိုးရများက စစ်အုပ်စုအား အစိုးရတစ်ရပ် သဖွယ် ဆက်ဆံသည့်အခါဖြစ်စေ၊ စစ်အုပ်စု ခန့်အပ်သူများအားနှင့် ၎င်း၏မိတ်ဖက်များအား နိုင်ငံတကာ ဘဏ္ဍာရေးမူဝါဒ အသိုက်အဝန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် စေ့စပ်ဆောင်ရွက်ပေးသည့်အခါဖြစ်စေ၊ မြန်မာပြည်သူများအတွက် ကြီးမားသော ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သည်ဟု သတိပေးထားသည်။
မြန်မာစစ်အုပ်စုကို ပေါပေါ့စစ ချဉ်းကပ်မှုသည် အာဆီယံအတွက် ကြီးမားသော စီးပွားရေး ဆုံးရှုံးနိုင်ခြေများ ဖြစ်ပေါ်စေသည်။ အာရှဖွံ့ဖြိုးရေးဘဏ် နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ တို့၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် မြန်မာ့စီးပွားရေးသည် သိသိသာသာ ကျုံ့သွားပြီး စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန် ဆောင်မှု တန်ဖိုး (GDP) တိုးတက်နှုန်းမှာ -၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း၊ GDP တိုးတက်နှုန်းသည် ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ခုနှစ်တွင် အနည်းငယ် တိုးလာသော်လည်း အာဏာသိမ်းရန် ကြိုးပမ်းမှုမတိုင်ခင်ကာလ အဆင့်များနှင့် နီးစပ်သည့် အထိတော့ လုံးဝ နာလန်မထူနိုင်တော့ကြောင်း ထောက်ပြထားသည်။
တစ်ချိန်တည်းတွင်၊ မြန်မာ့ငွေကြေးတန်ဖိုးသည် ဆက်လက်၍ လျော့နည်းလျက်ရှိရာ ၂၀၂၁ခုနှစ် စက်တင်ဘာလတွင် ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကောင်း၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည်လည်း ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယနှစ်ဝက်တွင် ၆၁ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ရလဒ်အနေဖြင့် အိမ်ထောင်စုဝင်ငွေများ ကျဆင်းလာကာ အစားအသောက်၊ လောင်စာဆီနှင့် အခြား အခြေခံလူသုံးကုန် ဈေးနှုန်းများသည် ကိန်းဂဏန်းအလွန်ကြီးမားစွာ မြင့်တက်လာခဲ့ကြောင်း ထောက်ပြထားသည်။
အာဏာသိမ်းရန် ကြိုးစားချိန်မှစ၍ စားအုန်းဆီဈေးသည် ၃၆၃ ရာခိုင်နှုန်း တက်ခဲ့ပြီး ဆန်ဈေးသည် ၂၅၄ ရာခိုင်နှုန်း တက်လာခဲ့ကြောင်း၊ ဤငွေကြေးဖောင်းပွမှုကြောင့် ပြည်သူလူထု ၁၈.၆ သန်းသည် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေကြာင်း၊ မြန်မာပြည်သူများ ဒုက္ခရောက်နေချိန်တွင် အကျင့်ပျက် ခြစားနေသော စစ်အုပ်စုက ပြည်သူလူထုအပေါ် ဆက်လက် တိုက်ခိုက်ရန်အတွက် လက်နက်နှင့် လောင်စာဆီ ဝယ်ယူရန် အစိုးရအရန်ငွေကြေးများထဲမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ကို အလွဲသုံးစားလုပ်ထားကြောင်း ဝေဖန်ထောက်ပြထားသည်။
စစ်အုပ်စုသည် အရန်ငွေကြေးများကို လျှော့ချလိုက်ခြင်းကြောင့် ကုန်သွယ်မှုလိုငွေမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမခြောက်လတွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး ရှိလာခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် အလားတူကာလတွင် မှတ်တမ်းတင်ထားသော အမေရိကန်ဒေါ်လာ ၆၆ သန်းနှင့် နှိုင်းယှဉ်ပါက ၁၅၀၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း၊ အကယ်၍ စစ်အုပ်စုအား ဆက်လက် ရှိနေခွင့်ပြုပါက မြန်မာနိုင်ငံတွင် ယခင်စစ်အစိုးရများ လုပ်ဆောင်ခဲ့သည့်အတိုင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေ အရန်ငွေကြေးများကို ဒေဝါလီခံရသည်အထိ လုပ်ကာ နိုင်ငံ၏ စီးပွားရေးကို ဆုံးဆုံးမြုပ်စေမည့် အန္တရာယ် ရှိကြောင်း၊ ယင်းသည် ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှုအတွက် ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်နိုင်ခြေ ရှိကောင်း သိရှိရသည်။
မြန်မာစစ်အုပ်စုသည် စနစ်တကျ စီမံထားသော အကျင့်ပျက်ခြစားမှုတွင် ပါဝငပတ်သက်နေသည့် ရာဇ၀တ်အဖွဲ့အစည်းတခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း မြောက်များစွာကို စစ်အုပ်စုက ထိန်းချုပ်ထားရုံသာမက ယခင် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ကိုလည်း ထိန်းချုပ်ထားကြောင်း သိရှိရသည်။
အလားတူ စစ်တပ်ကို ဝင်ငွေဘီလီယံပေါင်း များစွာကို ပေးအပ်ပြီး မြန်မာပြည်သူများအပေါ် အကြမ်းဖက် အုပ်ချုပ်နေသော မြန်မာစစ်တပ်က ထိန်းချုပ်ထားသည့် အဓိက စီးပွားရေးလုပ်ငန်းများ အားလုံးသည် လက်ရှိတွင် ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနှင့် ဥရောပသမဂ္ဂမှ အစိုးရတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အစိုးရများမှ ပိတ်ဆို့အရေးယူမှုများ ခံနေရသည်။
ထို့အပြင် နိုင်ငံတကာ ဖွံ့ဖြိုးရေးအကူအညီနှင့် အရေးပေါ်ရန်ပုံငွေများကို စစ်အုပ်စု အသုံးပြုမှုနှင့်ပတ်သက်၍ အရေးကြီးသော မေးခွန်းများ ကျန်ရှိနေသေးကြောင်း၊ ဥပမာ စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း ၂၀၂၁ခုနှစ်တွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့မှ မြန်မာနိုင်ငံကို ကိုဗစ်-၁၉ရောဂါ တိုက်ဖျက်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့သည့် ချေးငွေထဲမှ အမေရိကန်ဒေါ်လာ ၁၇၁ သန်း ပျောက်ဆုံးသွားခဲ့ကြောင်း၊ မြန်မာ နိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူက မြန်မာစစ်အုပ်စုသည် အထောက်အပံ့များကို လက်နက်သဖွယ် အသုံးချမည့် အန္တရာယ်နှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းကို သတိပေးထားသည်။
ဓာတ်ပုံ- ယခုနှစ်၊ ဇန်နဝါရီလကုန် လာအိုနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေး။
Leave a Reply