ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံထိစပ်နေသော နယ်စပ်မြို့ဖြစ်သည့် လွယ်ဂျယ်မြို့မှ စစ်ကောင်စီတပ်မိသားစုများ၊ အခြားပြည်သူများနှင့် ကားသမားများကို ဧပြီလ (၁)ရက်နေ့ နံနက် (၁:၃၀)ခန့်တွင် စကစမှ လေယာဉ်ဗုံးကြဲမှု ပြုလုပ်ခဲ့ပြီး (၅)ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIAမှ လွယ်ဂျယ်မြို့ရှိ ပြည်သူလူထုကို ခေတ္တခဏ ရှောင်နေရန် အသိပေးပြီးနောက် ပြည်သူများနှင့် ကားသမားများသည် ဘေးကင်းရာသို့ ယမန်နေ့ မတ်လ (၃၁)ရက်နေ့တွင် ရှောင်နေကြသည်။
သို့ရာတွင် ပြည်သူများရှောင်ထွက်စဉ် စစ်ကောင်စီ၏ တပ်မိသားစုဝင်များလည်း ပါဝင်ခဲ့ကြသည်။ စကစ ဂျက်လေယာဉ်မှ ပြည်သူများ ရှောင်ပြေးသည့်နေရာဘက်သို့ ဗုံးကြဲချစဉ် ပြည်သူများ၏ နေအိမ် (၁) လုံးအပါအဝင် လွယ်ဂျယ်မှထွက်လာသော ကားကြီးများနှင့် တပ်မိသားစုဝင်အချို့မှာ ဗုံးထိမှန်ခဲ့ကြကြောင်း သိရသည်။
“ဂျန်မိုင်မှာရောက်နေတဲ့အချိန် ညသန်းခေါင်မှာ ဗုံးလာကြဲသွားတာ၊ ကားသမားတွေနဲ့ တပ်မိသားစုဝင်တွေထိသွားတယ်။ အနားမှာရှိတဲ့ ပြည်သူ နေအိမ်တစ်လုံလည်း ပျက်စီးသွားတယ်။”ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက 7 Stars Newsကို ပြောသည်။
လွယ်ဂျယ်မြို့အတွင်းရှိ ပြည်သူများ ခေတ္တရှောင်ထွက်နေပေးရန် KIAမှ အသိပေးကြေငြာထားသောကြောင့် ပြည်သူများနှင့် ကားသမားများလည်း ရှောင်ထွက်နေကြကြောင်း၊ ယခုအချိန်ထိ လွယ်ဂျယ်မြို့မှ ကုန်တင်ကားကြီးများ ဆက်တိုက်ထွက်ခွာနေကြကြောင်း သိရသည်။
မိုးမောက်-လွယ်ဂျယ်လမ်းရှိ ဗျူဟာအရ အရေးပါအချက်အချာကျသော စိန်လုံဗျူဟာစခန်းကြီးကို ယနေ့ ဧပြီ (၁)ရက်နေ့ နံနက်ပိုင်းတွင် KIAနှင့် ပူးပေါင်းတပ်တို့မှ အပြီးသတ် တိုက်ခိုက်ရှင်းလင်းလိုက်ပြီဖြစ်သည်။
Leave a Reply