ရှိမ်းမကားဘက်သွားတဲ့ စစ်အုပ်စု စက်လှေသုံးစီး ဧရာဝတီမြစ်ထဲမှာ တိမ်းမှောက်

မတ္တရာကနေ ရှိမ်းမကားဘက်သွားတဲ့ စစ်အုပ်စု စက်လှေသုံးစီး ဧရာဝတီမြစ်ထဲမှာ တိမ်းမှောက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကနေ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာ ရဲစခန်းဘက် သွားတဲ့ စစ်အုပ်စုနဲ့ပျူတွေ လိုက်ပါလာတဲ့ စက်လှေသုံးစီး မနေ့က ညနေပိုင်းမှာ ဧရာဝတီမြစ်အတွင်း တိမ်းမှောက်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်(၃၁)ရက် မနေ့က စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် စက်လှေတွေဟာ မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာကတဆင့် မြစ်အနောက်ဘက်ကမ်းက ရှိမ်းမကားကျေးရွာဘက် သွားရောက်ချိန် လေတိုက်ကြမ်းလို့ မြစ်လယ်မှာ စက်လှေသုံးစီး နစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။

“ပထမတခေါက်က သုံးစီး၊ ဒုတိယတခေါက်က သုံးစီး၊ တတိယတခေါက်က ငါးစီး။ အဲ့မှာ တတိယ တခေါက်က သုံးစီး မှောက်သွားတယ်။ လေပြင်းပြီး မှောက်သွားတာ “လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မနေ့က ညနေပိုင်း မတ္တရာမြို့နယ် အနောက်ခြမ်းမှာ မိုးသက်လေပြင်း ကျခဲ့တာကြောင့် အဲဒီ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် စက်လှေတွေ ဧရာဝတီမြစ်ထဲမှာ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် စက်လှေတွေ ဧရာဝတီမြစ်ထဲ ဖြတ်သန်းနေချိန် ဒေသခံ ကာကွယ်ရေး တပ်တွေကလည်း ဝိုင်းဝန်း ပစ်ခတ်တာတွေ ပြုလုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

လှေတိမ်းမှောက်မှုနဲ့ ပစ်ခတ်မှုကြောင့် စစ်အုပ်စု အသေအပျောက် ရှိ၊မရှိကိုတော့ မသိရသေးပါဘူး။

ဝက်လက်နယ် ရှိမ်းမကားကျေးရွာ ရဲစခန်းဟာ စစ်ကိုင်းတိုင်းအတွင်း တည်ရှိပေမယ့် စစ်ကိုင်းနယ်ထဲက စစ်ကိုင်း-ကျောက်မြောင်း ဗျူဟာကားလမ်းကို တော်လှန်ရေးတပ်တွေက စိုးမိုးထားတာကြောင့် စစ်အုပ်စုဟာ မတ္တရာကနေတဆင့် ရှိမ်းမကား ရဲစခန်းကို ထောက်ပို့လုပ်ဖို့ ကြိုးစားနေတာလို့ ဒေသခံ တော်လှန်ရေး တပ်တွေက ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မတ္တရာနဲ့ စဉ့်ကူးနယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့ကာ ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူနေတာ ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *