မြင်းခြံတွင် စစ်တပ်စခန်းကို တိုက်ခိုက်စဉ် လက်နက်တပ်ဆင်ထားသော အသက် ၁၃ နှစ်အရွယ် ကျည်ကာဝတ် ကလေးတစ်ဦးကို ဖမ်းဆီးရရှိ၊ ထိုကလေးနှင့် အမျိုးသမီးများကို PDF က ပြန်လွှတ်ပေး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီးဘန်ကာစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်တပ်က ခိုင်းစေထားသည့် လက်နက်တပ်ဆင်ထားသော အသက် ၁၃ နှစ်အရွယ် ကျည်ကာဝတ် ကလေးတစ်ဦးကို ဖမ်းဆီးရရှိခဲ့ပြီး ထို ကလေးငယ် အပါအဝင် ဖမ်းဆီးရရှိသော အမျိုးသမီးတချို့ကိုပါ ပြန်လည်လွှတ်ပေးလိုက်ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းထံမှ သိရှိရသည်။

ဧပြီလ ၁ ရက်နေ့ နံနက်အစောပိုင်း မန္တလေးတိုင်း မြင်းခြံတက္ကသိုလ်အနီး၊ သဲဖြူ၀၊ ကျောက်ကုန်းရှိ စစ်တပ်နှင့် ပျူစောထီး ဘန်ကာအထိုင်စခန်းကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း(Taung Youth)အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း၊ စစ်သားများနှင့် ပျူစောထီးများ ထွက်ပြေးတိမ်းရှောင်ကြပြီး ထိခိုက်သေဆုံးမှုများစွာရှိနိုင်ကြောင်း၊ အဖြူရောင်လက်များ နာရေးကူညီမှုကားများဖြင့်ထိခိုက်သေဆုံးသူများကို သယ်ထုတ်သွားကြောင်း သိရှိရသည်။

ယင်းနောက် စစ်တပ်နှင့် ပျူစောထီး ဘန်ကာစခန်းကို မီးတင်ရှို့ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် စစ်တပ်က ခိုင်းစေထားသော လက်နက်တပ်ဆင်၊ ကျည်ကာဝတ်ဆင်ထားသော အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ အဆိုပါကလေးထံမှ ကိုးလုံးသေနတ် ၁ လက်၊ ကျည်များ သိမ်းဆည်းရရှိသည့်အပြင် ပျူစောထီးတစ်ဦးလည်း အညံ့ခံလာသဖြင့် ဖမ်းဆီးချုပ်နှောင်ခဲ့ကြောင်း၊ အမျိုးသမီးတချို့ကိုလည်း စခန်းမှ တွေ့ရှိရကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်များက စစ်တပ်က ခိုင်းစေထားသော လက်နက်တပ်ဆင်ထားသည့် အသက် ၁၃ နှစ်အရွယ် ကလေးနှင့် အမျိုးသမီးတချို့ကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *