ဧပြီ(၅)ရက်က စပြီး မဖျက်တဲ့အိမ်တွေကို ဘူဒိုဇာနဲ့ လာထိုးဖျက်မယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်

မန္တလေးမြို့စွန်က ထောင်ချီတဲ့ နေအိမ်တွေ ဖျက်သိမ်းဖို့ စစ်အုပ်စုက ဧပြီ(၂၀)အထိ ရက်တိုးပေး

ဧပြီ(၅)ရက်က စပြီး မဖျက်တဲ့အိမ်တွေကို ဘူဒိုဇာနဲ့ လာထိုးဖျက်မယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်

မန္တလေးမြို့စွန်၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်အုပ်စု၊ ကန်ကောက်၊ ကုန်းတန်း၊ တဲကုန်းနဲ့ ကျွဲရေကုန်း စတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ နေအိမ်တွေကို ဓာတ်အားလိုင်းနဲ့ မလွတ်တဲ့အတွက် ဧပြီ(၄)ရက်မှာ အပြီး ဖျက်သိမ်းရွှေ့ပြောင်းဖို့ စစ်အုပ်စုက စာထုတ်ထားရာက အပြီးသတ် ဖျက်သိမ်းရမယ့်ရက်ကို ဧပြီ(၂၀)အထိ ရက်တိုးပေးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

“မနေ ညနေက အစည်းအဝေး လုပ်ပါတယ်။ နို့စိမ်းရောင် ဝတ်ထားတဲ့ ပခုံးမှာ ကြယ်ပွင့်ရော အခက်ရောပါတဲ့ သူရော၊ တစ်ပွင့်ပါတဲ့ ရဲရော၊ စစ်သားတွေရော လာကြပါတယ်။ ဧပြီ(၂၀)ရက် နောက်ဆုံးပါတဲ့။ (၅)ရက်နေ့ အဖျက် ပြထားပါတဲ့။ (၅)ရက်နေ့ လာကြည့်လို့ မဖျက်ရသေးရင် စက်နဲ့ထိုးသွားမယ်လို့ ခြိမ်း‌ခြောက်သွားပါတယ်။

ရွာသားတွေက အထက်ကို အသနားခံစာ တင်မယ်လို့ ပြောတော့ တင်ခွင့် ရှိပါတယ်၊ ဒါပေမယ့် စာကျလာတဲ့အထိ မစောင့်နိုင်ပါဘူးတဲ့” လို့ စစ်အုပ်စုက နေအိမ်တွေ ဧပြီ(၂၀)ရက်အပြီးဖျက်ဖို့ ခြိမ်းခြောက် ပြောဆိုသွားကြောင်း ဒေသခံက MFP ကို ပြောပါတယ်။

ရွှေစာရံ – အောင်ပင်လယ် (၂၃၀)ကေဗွီ ဓာတ်အားလိုင်းရဲ့ ဘေးတစ်ဖက်စီ (၇၅)ပေအတွင်း ကျရောက်နေတဲ့ နေအိမ်တွေကို ဖျက်ဆီးမှာ ဖြစ်တယ်လို့ စစ်အုပ်စုက မတ်(၃၀)ရက် ရက်စွဲနဲ့ စာထုတ်ထားတာ ဖြစ်ပါတယ်။

ဓာတ်အားလိုင်းနဲ့ မလွတ်လို့ဆိုပြီး ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်အုပ်စု၊ ကန်ကောက် (အရှေ့)ရွာ၊ ကုန်းတန်း၊ တဲကုန်းနဲ့ ကျွဲရေကုန်း စတဲ့ ရွာတွေက ထောင်နဲ့ချီတဲ့ နေအိမ်တွေကို စစ်အုပ်စုက ရုတ်တရက် အဖျက်ဆီးဖို့ စီစဉ်တာ ဖြစ်ပါတယ်။

“တဲကုန်း၊ ကုန်းတန်း၊ အရှေ့ကန်ကောက်ပါ။ အရှေ့ကန်ကောက်က အများဆုံးပါ။ သူတို့ ပြောတဲ့အတိုင်းဆိုရင် ဖျက်ရမယ့်အိမ်ခြေက (၁၀၀၀)အထက် ရှိပါတယ်” လို့ ဒေသခံ က ပြောပါတယ်။

နေအိမ်တွေကို ဖျက်ဆီးခံရမယ့် အဲ့ဒီကျေးရွာတွေဟာ ပုသိမ်ကြီးမြို့နယ်ထဲ ပါဝင်ပေမယ့် မန္တလေးမြို့နဲ့ ထိစပ်နေတဲ့ ရွာတွေ ဖြစ်ပါတယ်။

“အိမ်ခြေ ထောင်ချီပါတယ်။ အခု လူတွေအများကြီး ရူးမတတ် ဖြစ်နေရပါပြီ။ မနေ့ (မတ်-၃၀) ကတည်းက တရွာလုံး ပွက်လောရိုက် နေကြတာပါ” လို့ ကန်ကောက် အရှေ့ ရပ်ကွက်နေသူ တစ်ဦးက ပြောပါတယ်။

နေအိမ်တွေ ဖျက်ဆီးခံရမယ့်အထဲ ကန်ကောက်ရွာက အများဆုံးဖြစ်သလို ကုန်းတန်းရွာမှာလည်း အိမ်ခြေ ရာနဲ့ချီ ဖျက်ဆီးခံရနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တဲကုန်းရွာက ဖျက်ရမယ့်အိမ်တွေကို စာရွက်တွေ လာပေးတယ်။ ကြက်ခြေခတ်တွေ လာခတ်တယ်။ တာဝါတိုင် ကြိုးအောက် မလွတ်လို့တဲ့။ တဲကုန်းကွက်သစ်ပိုင်းပေါ့။ အဖျက်ခံရမယ့် အိမ်ခြေ (၁၀၀)ကျော်တော့ ရှိမယ်။ အားလုံးက ငိုနေကြတယ်။ စပြီး ရွှေ့ကြပြောင်းကြတာတော့ မရှိသေးဘူး” လို့ ဒေသခံက ပြောပါတယ်။

စစ်အုပ်စုဟာ ဓာတ်အားလိုင်းနဲ့ မလွတ်တဲ့ အိမ်တွေကို လာရောက် ဖျက်ဆီးမှာ ဖြစ်ကြောင်း မတ်(၃၀)ရက်မှာ စာထုတ်အသိပေးပြီး ချက်ချင်းဆိုသလို မီတာပုံးတွေ လာဖြုတ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“မီးကြိုးအောက်က အိမ်တွေကို မနေ့က မီးမီတာပုံးတွေ လာဖြုတ်သွားပါတယ်။ အိမ်ခြေ (၁၀၀၀)ကျော် ပါတယ်။ မီတာရုံးက ဒု-ဦးစီးနဲ့ လက်နက်ကိုင် လေးဦး အတူလာပြီး မီတာများ ဖြုတ်ပါတယ်။ မီတာရဖို့ ကျေးရွာမီးလင်းရေး ကော်မတီမှာ သုံးသိန်း သွင်းရပါတယ်။ မီတာရုံးမှာလည်း ထပ်သွင်းရပါတယ်။ မုန့်ဖိုးလည်း ပေးရပါတယ်။ အိမ်ကို မီတာရုံးက ကွင်းဆင်းလာကြည့်ပြီးမှ မီတာ လာချပေးတာပါ။ အဲတုန်းက လာကြည့်ပြီးမှ မီတာလာချ ပေးတဲ့ လျှပ်စစ်ရုံးက လူတွေက ကြိုးအောက်က အိမ်မှန်း သိရက်နဲ့ မီတာချပေးခဲ့တာပါ” လို့ ဒေသခံက ပြောပါတယ်။

အဲ့ဒီ ဓာတ်အားလိုင်းနဲ့ မလွတ်ဘူးလို့ စစ်အုပ်စုက သတ်မှတ်တဲ့ နေအိမ်နဲ့ မြေတွေကို ပြည်သူတွေက စာချုပ်စာတမ်းနဲ့တကွ တရားဝင် ဝယ်ယူ ပိုင်ဆိုင်ထားကြတာမို့ ဆုံးရှုံးနစ်နာမှု ရှိတယ်လို့ ဒေသခံက ဆိုပါတယ်။

လက်ရှိမှာတော့ မြေရောင်းသူရော၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေကပါ ဘယ်သူကမှ တာဝန်ယူ ဖြေရှင်းပေးတာ မရှိဘဲ ဓာတ်အားလိုင်းနဲ့ လွတ်ကင်းတဲ့ မြေတွေကို ရက်ပိုင်းအတွင်း စျေးတင် ရောင်းနေတယ်လို့ ဒေသခံက ဆိုပါတယ်။

“စာချုပ်တွေနဲ့ ဝယ်ခဲ့ကြတာ။ မြေပိုင်ရှင် သူဌေးတွေက တာဝန်ယူ မဖြေရှင်းပေးကြဘဲ မဆိုင်သလို နေပြီး ကြိုးလွတ်တဲ့ ကျန်အကွက်တွေကို ဈေးတွေ မတရားတင်ပြီး ရောင်းနေကြတာပါ” လို့ ဒေသခံက ပြောပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်ကလည်း အဲ့ဒီ ကန်ကောက်ရွာ အပါအဝင် မန္တလေးမြို့ပတ်လမ်းဘေး ပုသိမ်ကြီးမြို့နယ် နန်းဦးလွင် ကျေးရွာအုပ်စုအတွင်းက အိမ်တွေကို လယ်ယာမြေပေါ် တရားမဝင် ဆောက်လုပ် နေထိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်ခြေထောင်နဲ့ချီကာ ဖျက်ဆီးဖို့ ကြိုးစားခဲ့ဖူးပါတယ်။

စစ်အာဏာသိမ်းတဲ့ သုံးနှစ်ကျော်အတွင်း မြစ်ငယ်မြို့ အပါအဝင် မန္တလေးမြို့ပေါ်က သောင်းချီတဲ့ နေအိမ်တွေကို စစ်အုပ်စုက အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *