ရေး-ထားဝယ် အမှတ် – ၈ ပြည်ထောင်စုလမ်းပိုင်းကို ဒေါနစစ်ကြောင်းနဲ့ မဟာမိတ်တပ်ဖွဲ့များ ဆက်လက်စိုးမိုးထား….

မွန်ပြည်နယ် ရေးမြို့တောင်ပိုင်းကနေ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်အထိ အမှတ် – ၈ ပြည်ထောင်စုလမ်းပိုင်းကို ဒေါနစစ်ကြောင်းနဲ့ မဟာမိတ်တပ်ဖွဲ့များက ဒီနေ့အချိန်ထိ ထိန်းချုပ်စိုးမိုးထားဆဲဖြစ်တယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

အမှတ် – ၈ ပြည်ထောင်စုလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မြန်မာနိုင်ငံလုံဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF တပ်ရင်း – (၁) ၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) – ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) – ဒေါနတပ်ခွဲ(၇)၊ ဝေဟင်‌ဒေါနတပ်ခွဲ(၆)၊ ထားဝယ်ခရိုင် တပ်ရင်း – ၁ (T1) ၊ ရေးသိမ်းငှက်၊ Ye Defense Force(YDF)၊ ရေးပြောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ – (၃)၊ Ye Air Force(YAF) စတဲ့ မဟာမိတ်ပူးပေါင်းတပ်များက ခရီးသွားပြည်သူများ​ လုံခြုံရေးအတွက် နေ့စဉ် တွေ့ဆုံစစ်ဆေးနေသလို မတ်လ ၁၉ ရက်နေ့ကစလို့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များက ဒီနေ့အထိ ဆက်လက်စိုးမိုးရယူထားဆဲဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၂၉ ရက်နေ့က တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအစပ်ရှိ စစ်တပ်ရဲ့ မလွှဲတောင်ဂိတ်စခန်းကို SF-Z လေယာဉ်နဲ့ ဗုံးသီး ၂လုံးကျဲကာ တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီက ထိတွေ့တိုက်ပွဲ မဖြစ်ပွားဘဲ K-8W Jet Fighter ၂ စီးနဲ့ ဟယ်လီကော်ပတာတစ်စီး (စုစုပေါင်း ၃စီး) အသုံးပြုပြီး ဗုံးသီး ၄၀ ခန့် ကြဲကာတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုများထက် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများလည်း ကျူးလွန်နေတာကြောင့် မတ်လ ၃၁ ရက်နေ့ကစပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များက ခရီးသွားပြည်သူများကို မနက် (၆) နာရီကနေ ညနေ (၆) နာရီအထိသာ ခရီးသွားလာကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *