စဉ့်ကူး နွယ်ရုံရွာကို စစ်အုပ်စုက လက်နက်ကြီနဲ့ထုလို့ သားအဖ သုံးဦး ထိမှန်ပြီး သမီးဖြစ်သူ သေဆုံး

စစ်အုပ်စု ဆက်ကြေးယူထားတဲ့ ဂျင်ဝိုင်းကို PDF က ဝင်ဖမ်းတာ မကျေနပ်လို့ ရွာကို လက်နက်ကြီး ထုတာလို့ဆို

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာကို မနေ့က ညနေပိုင်း စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ် တာကြောင့် နေအိမ်ထဲမှာ ရှိနေတဲ့ ဒေသခံပြည်သူ သားအဖသုံးယောက် လက်နက်ကြီးထိမှန် ဒဏ်ရာရပြီး အသက်(၅၀)ကျော်အရွယ် သမီးဖြစ်သူ ပွဲချင်းပြီး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

ဧပြီ(၇)ရက် မနေ့က ညနေ(၄)နာရီလောက်မှာ သပိတ်ကျင်းနယ်၊ ချောင်းကြီးရွာထဲ စီးနင်း အထိုင်ချနေတဲ့ စစ်အုပ်စုက စဉ့်ကူးနယ်၊ နွယ်ရုံရွာကို လက်နက်ကြီးနဲ့ လှမ်းထုလို့ နွယ်ရုံရွာ အရှေ့မြောက်ပိုင်း၊ လပြည့်ဝန်းဓမ္မာရုံ အနီး ကျရောက်ပေါက်ကွဲကာ အနီးအနားနေအိမ်က ပြည်သူတွေ ထိခိုက်သေဆုံး၊ ဒဏ်ရာရတာလို့ ဒေသခံတွေနဲ့ ကင်းထောက် မြေပြင်သတင်း(စဉ့်ကူး)က ဆိုပါတယ်။

နွယ်ရုံရွာမှာ စစ်အုပ်စုက ဆက်ကြေးယူကာ လောင်းကစားဝိုင်း ဖွင့်ခွင့်ပေးထားပြီး အဲ့ဒီ လောင်းကစားဝိုင်းကို ဒေသခံ PDF အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာက စစ်အုပ်စုက မကျေမနပ်ဖြစ်ကာ ရွာကို လက်နက်ကြီးနဲ့ ထုတာလို့ ဒေသခံတွေက ပြောပါတယ်။

“တစ်ဦးသေပြီး နှစ်ဦး ဒဏ်ရာရတယ်။ သားမိသားဖသုံးယောက်မှာ အန်တီကြီးကတော့ လက်တစ်ဖက်၊ ခြေတစ်ဖက် ပြတ်ပြီး သေတယ်။ သူ့အဖေကြီးနဲ့ မောင်ကတော့ မသေဘူး။ ချောင်းကြီး(ရွာ) ဘက်ကနေ လှမ်း လုပ်တယ် ထင်တာပဲ။ အတိအကျ မသိကြဘူး။

နွယ်ရုံ အရှေ့က လယ်ကြီးတောင်ဘက်၊ မြောက်ပိုင်း ဓမ္မာရုံအရှေ့ဘက် ကွင်းဘက်ကျတာ။ အစမှန်တာ။ မနေ့ညနေ ကတည်းက ဆေးရုံကနေ ပြန်သယ်လာပြီး အိမ်မှာပဲထားတာ။

သူတို့ (စစ်အုပ်စု)ကတော့ ပီ က လုပ်တယ် ဆိုပြီး (သတင်းဖြန့်ထား)၊ တမြန်နေ့က အုပ်ကြီး အလုပ်ခံရတယ်လေ။ ကြားတာကတော့ ဂျင်ဝိုင်းကို ပီက ဝင်ခြိမ်းခြောက်ပြီး ပြန်တာကို လှမ်း လုပ်တယ် ထင်တာပဲ။

တောင်ခြေဘက် ပြန်မယ်ထင်လို့ ထုတာနေမယ်။ လွဲပြီး ရွာအရှေ့ အစပ်ကျတာ။ ရွာထဲပဲ ဆိုပါတော့။ အရှေ့စွန်ပေါ့။ လက်နက်ကြီးစ စင်တာဆိုတော့ တော်တော်များမယ်။ တချိူ့အိမ်တွေ ခုံတွေကျိူးတယ်တဲ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူဟာ အသက်(၅၀)ကျော်အရွယ် ဖြစ်ပြီး ဒဏ်ရာရသူတွေက အသက်(၇၀)ကျော်အရွယ် ဖခင်နဲ့ အသက်(၄၀)ကျော်အရွယ် မောင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဂျင်ဝိုင်းတွေကို PDF က ဝင်ရောက်ဖမ်းဆီးရင်း တိုက်ပွဲဖြစ်တာ။ ခနကြာတော့ ရွာထဲကို လက်နက်ကြီးနဲ့ နှစ်လုံး ပစ်ခံရတာ။ ဂျင်ဝိုင်းကို ဝင်ဖမ်းတာက ဖမ်းမိတယ်၊ ပိုက်ဆံ သိန်း(၁၀၀)ကျော်နဲ့ ဆိုင်ကယ် ငါးစီးလောက် သိမ်းသွားတယ်တဲ့။

အဲ့ဒီ ဖမ်းတာကို မကျေနပ်လို့ လက်နက်ကြီးနဲ့ ထုတာ ထင်တယ်။ တိုက်ပွဲ ဖြစ်ပြီး တစ်နာရီလောက်ကြာမှ ပစ်ခံရတာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်အုပ်စုဟာ ဒီမနက်ပိုင်းမှာလည်း နွယ်ရုံရွာနဲ့ ပျဉ်းပင်ရွာဘက်ကို လက်နက်ကြီးနဲ့ ဆက်လက် ပစ်ခတ်နေပြီး ယခင်ကလည်း ညနေပိုင်းတွေဆို စစ်အုပ်စု မူးရူးသောက်စားပြီး ကျေးရွာတွေဘက် လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နွယ်ရုံရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုကတော့ တစုံတရာ သတင်းဖြန့်တာ မရှိသေးပါဘူး။

စဉ့်ကူးမြို့နယ် နွယ်ရုံရွာကို စစ်အုပ်စုက လက်နက်ကြီးနဲ့ထုလို့ ထိခိုက်ပျက်စီးတဲ့ နေအိမ်တွေ/Photo – ကင်းထောက် မြေပြင်သတင်း(စဉ့်ကူး)


Comments

Leave a Reply

Your email address will not be published. Required fields are marked *