ပြင်ဦးလွင်စစ်တက္ကသိုလ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ပြီးနောက် စစ်တပ်က မြို့ကို ပိတ်၍ တင်းတင်းကျပ်ကျပ် စစ်ဆေး လုံခြုံ ရေးချ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ စစ်တက္ကသိုလ်ကို ယနေ့ နံနက်ပိုင်း ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်လိုက်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။

ယနေ့ နံနက် ၄ နာရီဝန်းကျင်အချိန် ပြင်ဦးလွင်စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခြင်းဖြစ်ကြောင်း၊ မြနန္ဒာဟိုတယ်အနီးသို့ ရှော့တိုက်ဒုံး ၃ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊

စစ်ကောင်စီက ယနေ့ တစ်နေ့လုံးပြင်ဦးလွင်မြို့ကို ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

“လတ်တလော သိရတာက မြနန္ဒာဟိုတယ်အနီးကို ၃ လုံးကျရောက်ပေါက်ကွဲတယ်။ ထိခိုက်မှု အခြေအနေကတော့ စုံစမ်းပါပဲ။ ပြင်ဦးလွင် မြို့အဝင်၊ အထွက်တွေ အရမ်းကို စစ်တပ်က စစ်နေတယ်။

စစ်ဆေးတာ အရမ်းကြမ်းနေတယ်။ တချို့ မန္တလေးက တက်လာတဲ့ ကားတွေကို နောက်ပြန်လည့်ခိုင်းတယ်။ ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ စစ်တက္ကသိုလ် (DSA) ကို မန္တလေးတိုင်း(ပကဖ)က ၁၀၇ မမ ရှော့တိုက်ဒုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊

စစ်တက္ကသိုလ် (DSA) ကို ၁၀၇ မမ ရှော့တိုက်ဒုံး (၅) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများနေထိုင်သည့် အဆောင်အနီးသို့ ၄ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ပြင်ဦးလွင် စစ်တက္ကသိုလ် ကျောင်းဆင်းပွဲတစ်ခု။ (ပုံအဟောင်း ဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *