နေပြည်တော်က အရပ်ဖက်ဝန်ထမ်းအားလုံးကို သင်္ကြန်ပိတ်ရက်အတွင်း နေရပ်ပြန်ခွင့်ပိတ်ပင်ထားပြီး ရုံးတွေမှာ လုံခြုံရေးတာဝန်ချထား

သင်္ကြန်ကာလအတွင်း နေပြည်တော်မှာရှိတဲ့ အရပ်ဖက်ဝန်ထမ်းတွေကို နေရပ်ပြန်ခွင့်ပိတ်ပင်ထားပြီး အမျိုးသား၊ အမျိုးသမီးအားလုံး သက်ဆိုင်ရာရုံးတွေမှာလုံခြုံရေး တာဝန်ချပေးထားတယ်လို့ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းတွေက ပြောပါတယ်။

နိုင်ငံအနှံ့အပြားကလာရောက် တာဝန်ထမ်းဆောင်နေကြတဲ့ အရပ်ဖက်ဝန်ထမ်းတွေဟာ နှစ်သစ်ကူးကာလရုံးပိတ်ရက်ကာလအတွင်း နေရပ်ပြန်လေ့ရှိကြပေမဲ့ အခုနှစ်မှာတော့ ခွင့်ပြုမပေးတော့တာဖြစ်ပါတယ်။

“နေပြည်တော်အနီးအနားကမြို့တွေ၊ ရေနီတို့၊ တောင်ငူတို့ကလူတွေတောင်ပြန်ခွင့်မပေးဘူး။ခရီးထွက်နေရတဲ့ ဝန်ထမ်းတွေကိုတောင် အချိန်မီပြန်လာဖို့ခေါ်ထားတာရှိတယ်။တချို့တွေဆို ပြေးမလား၊ ပုန်းမလားဆိုပြီးဖြစ်နေကြတယ်။ ပြန်ချင်တယ်ဆိုတာထက်ကြောက်လို့ မနေချင်ကြသူတွေကပိုများတယ်လေ”လို့ စိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီးဌာနကဝန်ထမ်းတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နေပြည်တော်နယ်မြေထဲမှာရှိတဲ့ အေလာလေတပ်နဲ့ စစ်ရုံးတွေကို ဒရုန်းတွေနဲ့ ဝင်ရောက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အခုလိုအရပ်ဖက်ဝန်ကြီးဌာနတွေမှာပါ လုံခြုံရေးအစီအမံတွေလုပ်ဆောင်လာတာဖြစ်ပါတယ်။

အဲဒီဒရုန်းပစ်ခတ်တိုက်ခိုက်မှုမှာ ထိခိုက်ပျက်စီးမှုအနည်းငယ်ပဲရှိတယ်လို့ စစ်ကောင်စီကထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်အခြေအနေမှာ ထိခိုက်မှုများပြားခဲ့တာကြောင့် နေပြည်တော်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အပေါ်ဝေဖန်မှုတွေလည်းရှိနေတယ်လို့ ဝန်ထမ်းတွေက ဆိုပါတယ်။

“ဒီကဂျန်ဘာတွေဆိုတာကသုံးစားလို့မရဘူး။ လေကြောင်းရန်ကကောင်တွေကလည်း ငပေါတွေ။ဒီအတိုင်းဆိုနေပြည်တော်ကိုမကြာခင်ရောက်လာတော့မှာ”လို့ စစ်တပ်နဲ့နီးစပ်သူ အရပ်ဖက်အရာရှိတစ်ဥဦးကရွှေဖီမြေကို ပြောပါတယ်။

လက်ရှိအချိန်မှာ အရပ်ဖက်ဝန်ကြီးဌာနရုံးတချို့နဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ အထက်အဆင့်အရာရှိတွေအတွက်ပဲ ဒရုန်းကာကွယ်ရေးစနစ်တစ်ခုဖြစ်တဲ့ ဂျန်ဘာတွေကို တပ်ဆင်ပေးထားပြီး တခြားဝန်ထမ်းအိမ်ယာတွေကိုတော့ ဂျန်ဘာတပ်ဆင်ပေးထားတာမရှိဘူးလို့ ဝန်ထမ်းတွေကဆိုပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *