အာဏာသိမ်းပြီးနောက် လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင် ဂရမ်အမည်ဖောက်ခဲ့သော မြေတန်ဖိုးမှာ ကျပ်သိန်းပေါင်း တသန်းနီးပါးရှိ

အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံထားရသော လယ်ဆယ်၀န်ကြီးဟောင်း အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်လှိုင်သည် စစ်အာဏာသိမ်းပြီးနောက် သူ၏အမည်ပေါက်ဖြစ်လာခဲ့သော ဂရမ်ထုတ်ထားသောမြေကွက်တန်ဖိုးမှာ ကာလပေါက်စျေးဖြင့် ခန့်မှန်းခြေ ကျပ်သိန်းပေါင်း တသန်းနီးပါးရှိပြီး အဆိုပါမြေကွက်များမှာ ဦးမြင့်လှိုင်ပိုင်ဆိုင်မှု၏ အစိတ်အပိုင်းသေးလေးတခုသာဖြစ်သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြိုဲ့ပြမြေယာစီမံခန့်ခွဲမှုကော်မတီ ဌာနမှူးလက်မှတ်ဖြင့် ဦးမြင့်လှိုင်တဦးတည်းအမည်ပေါက်ဖြင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် မြေဧကမှာ ၄၆.၅၇ ကို နှစ် ၆၀ ဂရမ်ထုတ်ပေးထားသည်ကို အိမ်ခြံမြေစျေးကွက်မှတဆင့် ပေါက်ကြားလာခဲ့သော စာရွက်စာတမ်းများအရသိရသည်။ အဆိုပါဒေသတွင် တဧကလျှင် လက်ရှိစျေးကွက်ပေါက်စျေးအားဖြင့် ကျပ်သိန်း ၂၁,၀၀၀ ကျော်စျေးပေါက်ရာ (၄၆.၅၇ ဧက X ၂၁,၀၀၀ သိန်း = ၉၇၇,၉၇၀ သိန်း) ဖြစ်သည်။

ဥိးမြင့်လှိုင်က (ဇေယျာပရီမီယာစိုက်ပျိုးရေးကုမ္ပဏီ)အမည်ဖြင့် ဒဂုံအရှေ့မြေတိုင်းရပ်ကွက်အမှတ် ၁၈၀ တွင် မြေကွက်ခွဲစိတ်ရန်လျှောက်ထားခဲ့ခြင်းဖြစ်သည်။ မြေကွက်ခွဲစိတ်သည်ဆိုခြင်းမှာ ဧကကွက်များကို ပေ ၄၀X ပေ ၆၀ အကွက်များ စိတ်ပိုင်းပြီး လူနေထိုင်ခွင့်ရသော ဂရမ်မြေအဖြစ်ပြောင်းလဲခြင်းဖြစ်သည်။

‘’လယ်မြေတွေကနေ ဂရန်လျှောက်ဖို့ဆိုတာတော်တော်မလွယ်ပါဘူး၊အထူးသဖြင့်အခုလိုအချိန်တွေမှာပေါ့။ကျွန်တော်တို့ ပါမစ်မြေတွေ၊စလစ်မြေတွေတောင် ဂရန်ပြောင်းလျှောက်ဖို့တော်တော်ခက်ခဲပါတယ်။ ဒါပေမယ့် အခုလယ်ဆည်ဝန်ကြီးဦးမြင့်လှိုင်က သူအာဏာရှိချိန်မှာလျှောက်ခဲ့တာမဟုတ်ဘဲ ။စစ်တပ်ကအာဏာသိမ်းပြီး စစ်အစိုးရလက်ထက်မှာဂရန်ကျတာဆိုတော့ သူပိုင်လို့ပေါ့။” ဟု ရန်ကုန်အိမ်ခြံမြေရောင်းဝယ်ရေးလုပ်နေသူတဦးက မဇ္ဈိမသို့ပြောသည်။

သမ္မတဦးသိန်းစိန်လက်ထက်က လည်ယာနှင့်စိုက်ပျိုးရေး၊ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးအဖြစ်တာဝန်ယူခဲ့သည့် ဦးမြင့်လှိုင်သည် ဝန်ကြီးဖြစ်စဉ်က ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ လယ်မြေ ၁၇၃၂ ဧကို သားမက်ဖြစ်သူ အမည်ဖြင့် လယ်မြေလုပ်ပိုင်ခွင့်လျှောက်ထားခဲ့သည်ဟု အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ ဖြင့် အမှုဖွင့်ခံထားရပြီး ဧပြီ ၁၀ ရက်နေ့က ဖမ်းဆီးစစ်ဆေးနေသည်။

ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် မြေပေါက်စျေးမှာ တပေပတ်လည်လျှင် ၅၀,၀၀၀ ကျပ်စျေးပေါက်သည်။ တဧကလျှင် စတုရန်းပေ ၄၃,၅၆၀ ရှိရာ (၄၃,၅၆၀ X ၅၀,၀၀၀= ၂၁၇၈,၀၀၀,၀၀၀ ဖြစ်သည်။ (မဇ္ဈိမ၏ ခန့်မှန်းတွက်ချက်မှုတွင် လွယ်ကူစေရန် တဧကပေါက်စျေးကို ကျပ်သိန်း ၂၁,၀၀၀ နှုန်းဖြင့်သာ တွက်ချက်ထားသည်။)

မူလလယ်ယာမြေများကို လူနေထိုင်ခွင့်ရ ဂရမ်မြေအဖြစ် ပြောင်းလဲလိုပါက ပုံမှန်အားဖြင့် နှစ်ချီ ကြာမြင့်တတ်သည်။ ဦးစွာပထမလယ်ယာမြေမှ ပုံစံ- ၇ လျှောက်ရပြီးထိုမှတဆင့် အခြားနည်းအသုံးပြုခွင့်လျှောက်ရသည်။ အခြားနည်းအသုံးပြုခွင့်ရရှိမှသာ ဂရမ်ဆက်လျှောက်ရသည်။ ယခုအခါ အခြားသုံးစွဲနည်းခွင့်ပြုချက်ကို တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်က ခွင့်ပြုနိုင်ခြင်းမရှိဘဲ နေပြည်တော်ကသာလျှင် ဆုံးဖြတ်သည်။

ဦးမြင့်လှိုင်ရာထူးလက်ဝယ်ရှိစဉ်ကာလ ဒဂုံတွင်လယ်ယာမြေများသိမ်းယူမှုများရှိခဲ့ပြီး ၎င်းသိမ်းယူခဲ့သောလေယာမြေများအထဲမှ အချို့လယ်များကို တဧကလျှင် ကျပ် ၂၅ သိန်းပေးလျော်ခဲ့သည်ဟု အိမ်ခြံမြေအကျိုးဆောင်တဦးက မဇ္ဈိမသို့ပြောသည်။

ခေတ်သစ်သတင်းဌာနသို့ ပေါက်ကြားလာသည့် ရဲကြေးနန်းတစောင်တွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ ရွှေနှင်းဆီလမ်းနေ ဦးမြင့်လှိုင်သည် ဝန်ကြီးရာထူးရထားချိန်တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)ရှိ လယ်မြေဧက ၁၇၃၂ ဧကခန့်ကို ၎င်းနှင့် သမက်ဖြစ်သူ၏ အမည်များဖြင့် လယ်မြေလုပ်ပိုင်ခွင့် လျှောက်ထားရယူခဲ့သည်ဟူသော စွဲချက်ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

” အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ၂၀၂၄ အေ ၀၉ ၁၀၁၅ အချိန် အမှုရေးဖွင့်၍ အဂတိလိက်စားမှုတိုက်ျက်ရေးကော်မရှင်မှ လက်ခံစစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း” ဟူ၍လည်း ကြေးနန်းစာတွင်ပါရှိသည်။

အသက် ၇၁ နှစ်အရွယ် ဦးမြင့်လှိုင်ကို ဧပြီ ၁၀ ရက်ပဲမနက်ပိုင်းက စစ်သားများပါဝင်သော ကားဆယ်စီးဝန်းကျင်ပါအစုအဖွဲ့က နေပြည်တော်ကနေအိမ်တွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဘီဘီစီမြန်မာပိုင်းသတင်းတပုဒ်တွင်ပါရှိသည်။

ဓါတ်ပုံ- နေပြည်တော်တွင်ပြုလုပ်သော ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များနှင့်တွေ့ဆုံပွဲတွင် ဦးမြင့်လှိုင်က ပါတီဝင်များသို့ ဝါးရင်းတုတ်နှင့် ဝါးချွန်များပေးအပ်ခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *