ပြင်ဦးလွင် တိုက်ခိုက်ခံရမှု မန္တလေးတိုင်းမှူးနှင့် တပ်နယ်မှူး စစ်ခုံရုံးဖွဲ့ စစ်ဆေးရန် မင်းအောင်လှိုင် အမိန့်ပေး

နာမည်ကျော် အပန်းဖြေမြို့ဖြစ်သည့် ပြင်ဦးလွင်မြို့ ယမန်နေ့ (ဧပြီ ၁၄)ရက် ညပိုင်းတွင် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် အုပ်ချုပ်မှု ညံ့ဖျင်းမှုဖြင့် မန္တလေး နန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၊ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ် တို့ကို စစ်ခုံရုံးဖွဲ့ စစ်ဆေး အရေးယူရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ညွှန်ကြားထားကြောင်း တပ်တွင်း သတင်းရင်းမြစ်က ယနေ့ (ဧပြီလ ၁၅ ရက်) တွင် ပြောသည်။

ယမန်နေ့ ည ၉ နာရီကျော်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တပည့် စစ်ဗိုလ်ချုပ်များ အပန်း‌ဖြေနေသည့် ပြင်ဦးလွင်မြို့ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရရာ စစ်တက္ကသိုလ် (DSA) ဝန်း အတွင်း ဒုံး ၂ လုံးကျရောက် ပေါက်ကွဲပြီး အရာရှိကြီး ၂ ဦး အပါအဝင် စစ်သားနှင့် ဗိုလ်လောင်း စုစုပေါင်း ၁၉ ဦး ဒဏ်ရာရခဲ့သည်ဟု သတင်းရင်းမြစ်က အတည်ပြုသည်။

“(မင်းအောင်လှိုင်) ညတွင်းချင်း နေပြည်တော် ပြန်သွားတယ်။ လပခ တိုင်းမှူး၊ တပ်နယ်မှူးနဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူကို နေပြည်တော် ကကရေးမှာ စစ်ခုံရုံးဖွဲ့ စစ်ဆေးဖို့ အမိန့်ပေးထားတယ်လို့ သိရပါတယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ရှော့တိုက်ဒုံး တိုက်ခိုက်မှု ဖြစ်ပွားစဥ် စစ်တပ်က အတွဲလိုက် ဒုံးများ၊ အမြောက်များဖြင့် ပြန်လည် ပစ်ခတ်သဖြင့် ပေါက်ကွဲသံများ ဆူညံနေပြီး အိမ်များ တုန်ခါခဲ့ကြောင်း၊ ဆေးရုံနှင့် ဘုန်းကြီးကျောင်း လက်နက်ကြီး ထိမှန်မှုကြောင့် ရဟန်းသံဃာနှင့် လူအချို့ ထိခိုက် သေဆုံးမှုရှိကြောင်း မြို့ခံများက ဆိုသည်။

ယင်းတိုက်ခိုက်မှုကို လက်တုန့်ပြန်သည့် အနေဖြင့် စစ်ကောင်စီတပ်က ပြင်ဦးလွင်နှင့် နောင်ချို နယ်စပ်ဒေသကို ယနေ့ စစ်ကြောင်းထိုးရာ တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

ပုံစာ-ဧပြီလ ၁၁ ရက်နေ့ ပြင်ဦးလွင် စစ်ဆေးရုံတွင် ဗိုလ်ချုပ်ကြည်ခိုင် ကိုတွေ့ရစဉ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *