ပြင်ဦးလွင် စစ်တက္ကသိုလ်ကိုတိုက်ခိုက်သူများ ဖမ်းဆီးခံရခြင်းမရှိကြောင်း PDF ပြော

မန္တလေးတိုင်း ပြင်ဦးလွင် စစ်တက္ကသိုလ်ကိုတိုက်ခိုက်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင် လေးဦးကို အရှင်ဖမ်းမိပြီး၊ ငါးဦးသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ မှန်ကန်မှုမရှိဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်တက္ကသိုလ်ကို ဧပြီလ ၁၄ ရက်နေ့ ညပိုင်းက ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့သူတွေကို ဖမ်းဆီးရမိတာနဲ့ တချို့ကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့ကြောင်း စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေက ဧပြီလ ၁၆ ရက်နေ့မှာ သတင်းဖော်ပြခဲ့ပါတယ်။

ဖမ်းမိနေသူတွေကို စစ်ဆေးနေပြီး သူတို့ရဲ့ စခန်းတည်နေရာတွေကို စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးအတွက် ထိုးစစ်ဆင်နေကြောင်းလည်း ဖော်ပြထားတာပါ။

အဲဒီတိုက်ခိုက်မှုကိုပြုလုပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကတော့ ဖမ်းဆီးခံရတာမရှိဘူးလို့ပြောပါတယ်။

“ပြင်ဦးလွင်ကို လျှော့တိုက်ဒုံးမစ်ရှင် လုပ်ဆောင်ခဲ့တဲ့ အဖွဲ့ဝင်တွေအားလုံး အထိအခိုက်မရှိ အန္တရာယ်ကင်းကင်း ဆုတ်ခွာနိုင်ခဲ့ပါတယ်”

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြင်ဦးလွင် စစ်တက္ကသိုလ်ကို ဧပြီလ ၁၄ ရက်ညပိုင်း ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ရာမှာ အနီးမှာရှိတဲ့ ဘုန်းကြီးကျောင်း၊ ဆေးရုံနဲ့ လူနေရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လေးဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ပြင်ဦးလွင် စစ်တက္ကသိုလ်ဟာ ဧပြီလ ၈ ရက်နေ့ကလည်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *