သာပေါင်းမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ဓားဖြင့်အခုတ်ခံရ

ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ ကျီးပင်ကျေးရွာအုပ်စု၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်သည် ဧပြီလ ၁၆ ရက်(သင်္ကြန်အတက်နေ့)က ဓားဖြင့်အခုတ်ခံရသဖြင့် ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သိရသည်။

သင်္ကြန်အတက်နေ့ နေ့လည်ပိုင်းက အုပ်ချုပ်ရေးမှူး မြင့်လွင်တစ်ဦးထဲ ရှိနေစဥ် လူငယ်တစ်ဦးမှ ဓားဖြင့် ခုတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

“ဆေးရုံကိုအမြန်ပို့လိုက်ရတယ် ခုနောက်ပိုင်း သာပေါင်းအုပ်ကြီးတွေက စစ်မှုထမ်းဖို့ကိစ္စတွေမှာ မဲမနိူက်တော့ပဲ သူတို့တွေ့တဲ့လူငယ်တွေကို ခေါ်တာများတယ်။ အဲ့ကိစ္စတွေကြောင့်လား စစ်တပ်နဲ့ပေါင်းပြီး အာဏာပြခဲ့တာကို မကျေနပ်လို့လားတော့မသိ လူမုန်းများတော့ လစ်ရင်တော့ ရရာ လက်နက်နဲ့ လုပ်မယ့်သူများနေတယ်လေ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဦးမြင့်လွင်သည် စစ်ကောင်စီမှ အုပ်ချုပ်ရေးမှုးအဖြစ် မခန့်အပ်ခင်က ကြံခိုင်ရေးပါတီ၏ ကျေးရွာအမာခံပါတီ၀င်တစ်ဦးဟု သိရှိရပြီး လက်ရှိတွင် သာပေါင်းမြို့နယ်စက်ဒေါင့်ကြီးတိုက်နယ်ဆေးရုံတွင် ဆေးဝါးကုသနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့ကလည်း ကျုံပျော်မြို့နယ် မဲဂရက်ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး ဖိုးဆောင်းဆိုသူကို မဲဂရက် – ရှားခဲ လမ်းမပေါ်တွင် ပုသိမ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဟင်္သာတမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီးသေနတ်နှင့် ပစ်ခတ်ခဲ့ခြင်းကြောင်း သေဆုံးခဲ့သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *