မိခင်ဖြစ်သူကို နိုင်ငံရေးလှည့်ကွက်အဖြစ် အသုံးချတာလို့ ကင်မ်အဲရစ်ပြော

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်တာဟာ လူသားချင်းစာနာထောက်ထားမှုအပေါ် အခြေခံတာ မဟုတ်ဘဲ နိုင်ငံရေးလှည့်ကွက်တစ်ခုအနေနဲ့ အသုံးချတာလို့ သားဖြစ်သူ ကင်မ်အဲရစ် က ပြောလိုက်ပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုကို အကာအကွယ်ဖြစ်စေတဲ့ လူသားဒိုင်းအဖြစ် အသုံးချတာလို့ ကင်မ်အဲရစ်က ဗြိတိန်အခြေစိုက် Independent သတင်းဌာနနဲ့ မေးမြန်းချက်မှာ ပြောလိုက်တာပါ။

နေပြည်တော်အကျဉ်းထောင်မှာ နှစ်ရှည်ထောင်ကျနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ငူထောင်မှာ ထောင်ကျနေတဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို လုံခြုံရေးတင်းကျပ်ထားတဲ့ နေအိမ်တွေကို စစ်ကောင်စီက ရွှေ့ပြောင်းလိုက်တာဖြစ်ပါတယ်။

နွေအပူဒဏ်သက်သာစေဖို့ ရွှေပြောင်းလိုက်တာလို့ သတင်းဌာနတချို့ကို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပေမဲ့ ဘယ်ကိုပြောင်းလိုက်တယ်ဆိုတာတော့ မပြောပါဘူး။

သားဖြစ်သူ ကင်မ်အဲရစ်ကတော့ မိခင်ဖြစ်သူကို နေရာရွှေ့လိုက်တာဟာ အတိုက်အခံအင်အားစုတွေကို လှည့်စားဖို့ပဲလို့ ဆိုပါတယ်။

ဒီလဆန်းမှာ နေပြည်တော်က စစ်ကောင်စီရဲ့ အဆင့်မြင့်လေတပ်စခန်းတစ်ခုဖြစ်တဲ့ အေလာလေတပ်နေရာအပါအဝင် စစ်ရုံးချုပ်တို့ကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေနောက်ပိုင်း အခုလိုနေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။

အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပြီးနောက် ၂၇ နှစ်အဖြစ် လျှော့ချခဲ့ပါတယ်။ သမ္မတ ဦးဝင်းမြင့်ကိုတော့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ထားပြီးနောက် ၈ နှစ်အဖြစ် လျှော့ချခဲ့ပါတယ်။

ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပသည့် အာဆီယံ-UN ထိပ်သီးအစည်းအဝေးတက်ရောက်လာသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (Photo : ASSOCIATED PRESS)


Comments

Leave a Reply

Your email address will not be published. Required fields are marked *