စစ်တပ်နှင့်ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များက သင်္ကြန်အပြီး စစ်မှုထမ်း အပတ်စဉ် ၂ အတွက် တပ်သားသစ် ရရန် အတင်းအကျပ် ဖမ်းဆီးမှုနှင့် ငွေကြေးတောင်း ခံမှုများ အလွန်အမင်း များပြားနေ

လက်ဖက်ရည်ဆိုင်နှင့်ဘီယာဆိုင်ထဲအထိ ဝင်ဖမ်းနေ

မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်တပ်နှင့်ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များက သင်္ကြန်ကာလအပြီးတွင် စစ်သားသစ်များ စုဆောင်းရရှိရန် အတင်းအကျပ် ဖမ်းဆီးမှုနှင့် ငွေကြေးတောင်းခံမှုများ အလွန်အမင်း များပြားနေပြီး လက်ဖက်ရည်ဆိုင်နှင့်ဘီယာဆိုင်ထဲအထိ စစ်တပ်က ဝင်ဖမ်း လူသစ်စုဆောင်းနေကြောင်း စုံစမ်းသိရှီရသည်။

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လာမည့် မေလ ဖွင့်လှစ်မည့် စစ်မှုထမ်း အပတ်စဉ် ၂ အတွက် တစ်ရွာလျှင် လူငယ် ၄ ဦး မဖြစ်မနေ ပေးရမည်ဖြစ်ကြောင်း၊မည်သည့်နည်းလမ်းဖြင့်စေ ရွာက ရွေးချယ်သော သူများကိုသာ စစ်တပ်က လာရောက်ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

“ရွာတွေမှာ အခု တစ်ရွာကို ၄ ဦး ပေးဖို့ စစ်တပ်က လာပြောတယ်။ ဘယ်လိုပဲ လုပ်လုပ်၊ မဲပဲနှိုက်နှိုက်၊ ဒီအတိုင်းပဲ ရွေးရွေး တစ်ရွာကို ၄ ဦး ပေးခိုင်းတယ်။ အခု ရွာတွေမှာ စစ်ထဲ အခုမလိုက်ချင်သေးရင် ၁ ဦး ၂၅၀၀၀၀ ပေးရတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အမှတ် ၂၁ ရပ်ကွက်တွင်လည်း စစ်မှုထမ်းရန်အတွက် လူသစ်များ စုဆောင်းနေပြီး ရပ် ကွက်မှ ပြည်သူများအနေဖြင့်လည်း တစ်အိမ်ထောင်လျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် စစ်မှုထမ်းမည့် လူငယ်များကို ထောက်ပံ့ရန် ငွေကြေးကောက်ယူနေကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် ဘုရားဝင်းအတွင်းတွင် ယာယီ အုပ်ချုပ်ရေးမှူး မောင်မြင့်က လူငယ်များကို စုဆောင်းပြီး အသက်ကျော်နေသည့် ကလေး ဖခင်များကိုပါ စစ်မှုထမ်းရန် စာရင်းသွင်းခြင်း၊ ငွေကြေးတောင်းခံခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားရပ်ကွက်၊ နဝရတ်လမ်းသွယ် ၂လမ်းတွင် အုပ်ချုပ်ရေးမှူး ကိုရဲ ဆိုသူက လူငယ်များ မဖြစ်မနေ စစ်မှုထမ်းရမည်ဟုဆိုကာ နာမည်စာရင်းများ ထပ်မံ အတင်းအကျပ် ကောက်ခံနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

အလားတူ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ဧပြီလ ၁၈ ရက်နေ့ စစ်တပ်က လက်ဖက်ရည်ဆိုင်နှင့် ဘီယာဆိုင်များအတွင်းသို့ ဝင်ရောက်ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ၊ ထွက်ပြေးသူများကို မပြေးရန် ခြောက် လှန့် သေနတ် ပစ်ဖောက်မှုများရှိကြောင်း ၊ စုစုပေါင်း လူငယ် ၅၀ ဦးခန့် ဖမ်းဆီးခံထားရကြောင်း၊ ဖမ်းဆီးခံထားရသူများအနက်မှ ငွေကြေးတတ်နိုင်သူများ ပြန်လည် ရွေးယူနိုင်ပြီး ငွေကြေး မတတ်နိုင်သူများကို စစ်သား စု ဆောင်း ရေးတပ်များထံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

“မနေ့ မနက်ပိုင်း ၉ နာရီမှာ ပဲခူးတိုင်း အုတ်ဖိုမြို့နယ်အတွင်းမှာရှိတဲ့ လက် ဖက်ရည်ဆိုင်ထိုင်နေတဲ့ လူငယ်တွေကို ပေါ်တာဆွဲတယ်။ မနက်ပိုင်းကိုပေါ်တာဆွဲတယ်။ ထွက်ပြေးတဲ့သူတော်တော်များများကို မပြေးနဲ့ ဆိုပြီး သေနတ်ဖောက်တယ်။ လူ ငယ် အယောက် ၅၀ ခန့်ပါသွားတယ်။ နောက်တစ်ခါ တစ်ရွာကို သိန်း ၇၀ စစ်မှုထမ်းဥပဒေနဲ့ စစ်မှုထမ်းမယ့် လူငယ်တွေအတွက် ကောက်ခံနေပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့အတူ မကွေးတိုင်း၊မကွေးမြို့ ပေါ် အောင်စေတနာရပ်ကွက် အုပ်ချုပ်ရေးမှူး ၀င်းပိုင်က စစ်မှူထမ်းဆောင်မည့် လူငယ်များအတွက် ရပ်ကွက်အတွင်း ငွေ ကြေးကောက်ခံနေကြောင်း၊ တစ်လမ်းလျှင် သိန်း ၃၀ ကောက်ခံပြီး စစ်မှုထမ်းမည့် လူငယ်များကို ပေးအပ်မည်ဟုဆိုကာ ငွေကြေးများစွာ ကောက်ယူနေကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ တောင်ဘိုရှုအုပ်စု၊ ရွာသစ်ကျေးရွာတွင်လည်း အုပ်ချုပ်ရေးမှူးမြင့်စိုးက စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူသစ်စုဆောင်းနေပြီး နောက်လာမည့် အပတ်စဉ်များအတွက်လည်း လူသစ်များ စုဆောင်း တန်းစီထားကြောင်း သိရှိရသည်။

ထို့အတူ ပဲခူးတိုင်း၊ က၀မြို့နယ်တွင်လည်း စစ်ကောင်စီက မဲပေါက်ထားသည့် လူငယ်တချို့ကို စစ်မှုထမ်းရန် လာရောက်ခေါ်ယူသွားပြီး ကျန်းမာရေး မကောင်း သူများကိုပါ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ကျွဲဇင်းအုပ်စုတွင်လည်း စစ်မှုမထမ်းမနေရဥပဒေဖြင့် လူငယ်များကို လိုက်လံ ခေါ်ယူနေပြီး စစ်မှုထမ်းရန် လာရောက် မပူးပေါင်းပါက မြင်တွေ့သည့်နေရာတွင် ဖမ်းဆီးမည်ဖြစ်ကြောင်း၊ ထွက်ပြေးသူများကိုလည်း ကျန်ရစ်သော မိဘ ဆွေမျိုးများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ကိုင်းပြင်ကြီး မြောက်စုကျေးရွာမှ အုပ်ချုပ်ရေးမှူး မောင်စိုးက စစ်သားသစ်အဖြစ် လူငယ်များကို ဖမ်းဆီး၍ စစ်တပ်ထဲသို့ အတင်းသွားပို့နေကြောင်း၊ အဆိုပါကျေးရွာမှ ကျေးရွာသား လူငယ် ၅ ဦးကို ရပ်ကွက်မှ ပျူစောထီး အင်အားများဖြင့် ဝင်ရောက်ဖမ်းဆီးပြီး စစ်တပ်ထဲ သွားရောက်ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၁ အတွက် စုဆောင်းထားသော လူငယ်များ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *