ဂန့်ဂေါနှင့်ကလေးမြို့နယ်ရှိ ပျူရွာများမှ ဒေသခံများ ငါးလအတွင်း ၆၀၀ ကျော် ပအဖထံ ခိုလှုံလာ

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနှင့်ကလေးမြို့နယ်တောင်ပိုင်းရှိ ပျူ‌​စောထီးရွာများတွင် စစ်ကောင်စီ၏ဖိနှိပ်မှုများပိုမိုဆိုးရွားလာ​သော​ကြောင့် ဒေသခံများအပြားသည် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) များထံ ထွက်ပြေးတိမ်းရှောင်မှုပိုများလာသည်။

စစ်မှုမထမ်းမ​နေရဥပဒေထုတ်ပြန်ပြီးနောက် စစ်ကောင်စီသည် ၎င်းတို့အားထောက်ခံသည့် ပျူစောထီးရွာများမှ ဒေသခံလူငယ်များကို အတင်းအကြပ်စစ်သားစုဆောင်းနေပြီး မြောက်ခင်ရမ်းရွာ၊ဟံသာဝတီရွာအပါအဝင် ပတ်ဝန်းကျင်ပျူရွာများမှလူငယ်အများအပြားလည်း ပြည်သူ့စစ်သင်တန်းသို့ ပို့ဆောင်ခြင်းခံနေရသည်ဟု ဂန့်‌ ဂေါမြို့ခံတဦးကပြောသည်။ ထို့နောက် ဒေသခံများသည် ယခင်ကထက် ပိုမို ထွက်ပြေးလာကြသည်ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်တဦးကပြောသည်။

“စစ်မှုမထမ်းမနေရ လုပ်ပြီးနောက်ပိုင်း ထွက်ပြေးလာတာ။ဒီသင်္ကြန်တွင်းမှာတင် အယောက်၃၀ လောက်ရှိပြီ။ ကျောင်း​နေအရွယ်လူငယ်တွေလည်း သူတို့အိမ်ကနေမသိအောင်ထွက်ပြေးလာတာတွေရှိတယ်။ ကျနော်တို့စာရင်းပြုစုပြီးလက်ခံနေတယ်” ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောသည်။

စစ်ကောင်စီသည် ဂန့်ဂေါမြို့မှပျူ စောထီးရွာများဖြစ်သော ဟံသာဝတီ၊ ကုက္ကား၊ ရွှေမေတ္တာ၊ အရှေ့လယ်ကြီး၊ အ‌နောက်လယ်ကြီး၊ ဝင်ဝနှင့် မြောက်ခင်ရန်းရွာနှင့် ထိုရွာများနှင့် ဆက်စပ်နေသည့် ကလေးမြို့နယ်တောင်ပိုင်းရှိ ပျူစောထီးရွာငါးရွာမှ လူငယ်များကို ဖေဖော်ဝါရီလ၂၉ရက်နေ့မှစ၍ ပြည်သူ့စစ်သင်တန်းပေးခဲ့သည်။

ဒေသတွင်းတိုက်ပွဲများပြင်းထန်လာပြီးနောက် ဒေသခံများသည် ၂၀၂၃ ဒီဇင်ဘာလမှာစတင်၍ ဘေးလွတ်ရာထွက်ပြေးခဲ့ကြပြီး စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်သည့် ဖေဖော်ဝါရီလ ၁၀ရက်နောက်ပိုင်း ထွက်ပြေးလာသူပိုမိုများပြားလာသည်ဟု ​ဒေသခံအချို့က​ပြောသည်။

ဧပြီလ ၁၈ ရက်​နေ့အထိ ထွက်ပြေးလာသူဦးရေ၆၀၀ ကျော်ပြီဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ သတင်းရရှိသည်။

ဒေသခံများသည် ပြိုလဲတော့မည့် စစ်ကောင်စီနှင့်ပျူများ၏အုပ်ချုပ်မှုအောက်တွင် မနေရဲကြတော့သဖြင့် ရွာအားစွန့်ခွာထွက်ပြေးနေကြခြင်းဟု ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ထို့အပြင် ထွက်ပြေးလာသူများအတွက် အရေးပေါ်လိုအပ်သည့် အခြေခံရိက္ခာများ၊ ခြုံစောင်များ၊ အနွေးထည်များနှင့် အခြား လူသားစာနာအကူအညီများ ကူညီဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။

ဂန့်ဂေါမြို့ပေါ်၌ ရပ်ကွက်လေးခုရှိပြီး ကျေးရွာစုစုပေါင်း တစ်ရာကျော်ရှိသည်။ အထက်ပါ ပျူစောထီး ခုနစ်ရွာသာ စစ်ကောင်စီထိန်းချုပ်မှုအောက်၌ရှိနေပြီး ရွာပေါင်း ၉၀ ကျော်၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းထားနိုင်သည်။

(ဂန့်​ဂေါမြို့နယ်ရှိပျူများ ​တော်လှန်​ရေးအဖွဲ့များထံလက်နက်နှင့်အတူအလင်းဝင်လာစဥ်။ဓါတ်ပုံ-ဂန့်​ဂေါခရိုင်ရင်း)


Comments

Leave a Reply

Your email address will not be published. Required fields are marked *