မြစ်ကြီးနား ထောင်တွင်းဆန္ဒပြမှု ပစ်ခတ်ဖြိုခွင်းခံရလို့ အကျဥ်းသားလေးဦး သေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ကြီးနားအကျဉ်းထောင်မှာ ဧပြီလ ၁၈ ရက်နေ့က ထောင်တွင်းဆန္ဒပြမှုဖြစ်ခဲ့ပြီး ထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်နှိမ်နင်းလို့ အကျဥ်းသား လေးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်ဟာမျှတမှု မရှိဘူးဆိုပြီး အကျဥ်းသားတွေက ဧပြီလ ၁၈ ရက် နေ့လယ်ပိုင်းကစလို့ ထောင်တွင်းဆန္ဒပြနေစဥ် ညနေပိုင်းမှာတော့ ထောင်အာဏာပိုင်တွေဘက်က ပစ်ခတ်နှိမ်နင်းမှုတွေ လုပ်ခဲ့တာလို့ အကျဉ်းထောင်အနီးမှာနေထိုင်တဲ့ မြို့ခံတစ်ဦးကပြောပါတယ်။

“ဆူနေတာက နေ့လယ်လောက်ကတည်းက ဖြစ်နေပြီ။ ညနေ လေးနာရီကစပြီး နှိမ်နှင်းတာပေါ့။ အကျဥ်းသား လေးဦးသေတယ်။ ရှစ်ဦးဒဏ်ရာရရတယ်။ သေတဲ့သူ ဘယ်သူတွေလဲတော့ မသိဘူး။ တွေ့တော့ တွေ့လိုက်တယ်။ ဆေးရုံလူနာတင်ယာဥ်၊ ကြက်ခြေနီနဲ့ ထောင်က လူနာတင်ယာဥ်တွေနဲ့ ခေါ်ထုတ်သွားတာ။ မနေ့က ည ရှစ်နာရီလောက်မှာ ပြန်ငြိမ်သွားတယ်”

သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို မြစ်ကြီးနားဆေးရုံကြီးကို ခေါ်သွားကြပြီး ဆေးရုံမှာလည်း စစ်ကောင်စီတပ်က လုံခြုံရေးယူထားတယ်လို့ သူကဆိုပါတယ်။

အကျဥ်းသားတွေ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ကလည်း မြစ်ကြီးနား ထောင်တွင်းဆန္ဒပြမှုကို စစ်သား၊ ရဲနဲ့ အကျဥ်းဦးစီးဘက်က အကြိမ်ရေ များစွာ သေနတ်ပစ်ခတ်မှုများ လုပ်ခဲ့ပြီး နောက်ဆက်တွဲ အခြေအနေတွေကို ဆက်လက်စုံစမ်းနေတယ်လို့ ထုတ်ပြန်ပါတယ်။

ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ မြစ်ကြီးနား အကျဥ်းထောင်ကနေ အကျဥ်းသား ၄၂ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

အဲဒီအထဲမှာ ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်၊ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်းတို့ နိုင်ငံရေးအကျဥ်းသား သုံးဦးသာ ပါဝင်ပါတယ်။

ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသား သုံးဦးထဲက ဒေါက်တာခလမ်ဆမ်ဆွန်ကိုတော့ ဧပြီလ ၁၇ ရက်နေ့ ညပိုင်းမှာပဲ စစ်ကောင်စီတပ်က ပြန်လည် ဖမ်းဆီးသွားပါတယ်။

ဆက်စပ်သတင်း

ဆက်စပ်သတင်း


Comments

Leave a Reply

Your email address will not be published. Required fields are marked *