ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်း ပုန်းအောင်းနေသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်း ပုန်းအောင်းနေသော စစ်ကောင်စီတပ်သားများကို ယနေ့ ညပိုင်း ဒရုန်းဖြင့် ဗုံးကျဲမှုဖြစ်ပွားကြောင်း မြ၀တီနှင့်မဲဆောက် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၉ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန် မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တပ်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၂၀၀ ဝန်းကျင် ပုန်းအောင်းနေသော ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲချကြောင်း သိရှိရသည်။

“ဒရုန်းနဲ့ ဗုံးကျဲတာ ထိုင်းဘက်အခြမ်းက CCTV မှတ်တမ်းတွေ ထွက်လာတယ်။ အထိအခိုက် အပျက်အစီး သေဆုံးမှု အခြေအနေတော့ မသိရသေးဘူး။ အမှတ် ၂ တံတားဘက်မှာတော့ စစ်ရေးကတော့ တင်းမာနေတော့ တိုက်ပွဲ ဖြစ်လာမလား ဆိုပြီး စိုးရိမ်စရာတော့ရှိတယ်။ ထိုင်းဘက်ကလည်း အမှတ် ၂ တံတားမှာ အတော်ကို စစ်ရေး ပြင်ထားတယ်။ အမှတ် ၂ တံတားမှာ တိုက်ပွဲဖြစ်ရင်တော့ ထိုင်းဘက်ကိုတော့ ကျည်ကျတာတွေ ဖြစ်လာနိုင်တယ်” ဟု မြ၀တီအခြေစိုက် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ဧပြီလ ၁၁ ရက်နေ့မှစတင်ပြီး စစ်ကောင်စီ၏ ခလရ ၂၇၅ မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲ နေထိုင်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *