နောင်ချိုမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ

ခုမန်ရွာနှင့် မန်နားရွာ၌လည်း စစ်တပ်က တပ်စွဲထားပြီး ပြည်သူများကို ရွာပြင်ပေးမထွက်တော့ဘဲ ထွက်ပြေးသူများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေကြောင်း ဒေသပြည်သူများကပြောဆိုသည်။

ယနေ့ ဧပြီလ ၂၁ ရက်နေ့ နံနက် ၇ နာရီခန့်က စတင်ကာ နောင်ချိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ခုမန်ရွာနှင့် မန်နားရွာ၌ တပ်စွဲထားပြီး ပြည်သူများကို ရွာပြင်ပေးမထွက်တော့ဘဲ ထွက်ပြေးသူများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း၊ ကျေးရွာနေ ပြည်သူများသည် လက်ရှိချိန်ထိ ရွာထဲ၌ ပိတ်မိနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရှိရသည်။

“အခု မန်နားရွာမှာ စစ်သားတွေ ရွာထဲဝင်နေပြီး ကျေးရွာပြည်သူတွေကို ရွာပြင် ပေးမထွက်ဘူး။ လေယဥ်နဲ့ ဗုံးချဲနေပါတယ်။ ခုထိပစ်နေတယ်။ ရွာသားတွေ ပိတ်မိနေတယ်။

နောက်ပြီး မန်နားရွာထဲမှာ PDF ရှိတယ်လို့ဆိုပြီး မန်နားရွာထဲကိုလည်း စစ်သားတွေဝင်နေတယ်။ ရွာသားတချို့က ကြောက်ပြီး လုံခြုံရာ တိမ်းရှောင်နိုင်ခဲ့ပေမယ့်

ရွာထဲကနေ မထွက်ဘဲ ကျန်တဲ့သူတွေကတော့ ပိတ်မိနေပြီး စစ်သားတွေရောက်လာတော့ ကျန်တဲ့သူတွေကို ရွာပြင်ပေးမထွက်တော့ဘူး။ ထွက်ပြေးရင် ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတယ်” ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် မန်နားရွာ ဘုန်းကြီးကျောင်းကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ကျောင်းရှိ ဆရာတော်များ အချိန်မှီ တိမ်းရှောင်နိုင်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရှိသူမရှိကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ဖုန်းလိုင်းများလည်း ဖြတ်တောက်ထားကြောင်း ဒေသခံပြည်သူများက ဆက်လက်ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *