သူရ မချစ်ပို

မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော ‘သူရ’ဘွဲ့ပိုင်ရှင် အမျိုးသမီး တစ်ဦးဖြစ်သူ သူရမချစ်ပို ကို ၁၉၀၈ ခုနှစ် ဖေဖော်ဝါရီလတွင် ထားဝယ်မြို့တွင် မွေးဖွားခဲ့သည်။

မောင်လေး တစ်ဦးမှာ ဘီအီးတပ်ထဲသို့ ဝင်သွားသည်ဟု ကြားသိရသဖြင့် လိုက်ရှာရင်း မေမြို့ (ယခုပြင်ဦးလွင်မြို့) ရှိ ဦးကြွယ်၊ ဒေါပုတို့အိမ်တွင် နေဖြစ်သွားသည်။ ထို့နောက် ဦးကြွယ်တို့နှင့် ခင်မင်ရင်းနှီးသော ဘီအီးတပ်မှ တပ်ကြပ်လှမောင်နှင့် အိမ်ထောင်ပြုသည်။ တပ်ကြပ်လှမောင်မှာ တပ်တွင်း၌ စားရေးသောက်ရေးကို တာဝန်ယူရသောကြောင့် ထမင်းချက်လှမောင်ဟု လူသိများသည်။

မချစ်ပိုသည် ထားဝယ်သူပီပီ စကားပြောလျှင် အသံဝဲဝဲလေးနှင့် ချစ်စရာကောင်းလှသည်။ အသားကမဖြူ မညို၊ မျက်နှာက လေးထောင့်စပ်စပ်၊ အရပ်အမောင်းက ငါးပေသုံးလက်မခန့်ရှိသည်။ စကားပြော လျှင် ခပ်ပြတ်ပြတ်ပြောတတ်၍ လုပ်စရာရှိလျှင်လည်း ပြတ်ပြတ်သားသား လုပ်တတ်သည်။ မချစ်ပို၏ ယောက်ျားဖြစ်သူ တပ်ကြပ်လှမောင်သည် ထမင်းချက် တာဝန်ယူထားသော်လည်း အခြေအနေပေးလျှင် တိုက်ခိုက်သည့်အဖွဲ့ထဲ ပါသွားပြန်သည်။

ထိုစဉ်က အင်ဂျင်နီယာ အဖွဲ့များက ဘီအီးကုန်းတွင်အခြေစိုက်ပြီး ကေအင်ဒီအိုတပ်ဖွဲ့များက လေ့ကျင့်ရေး တပ်ကုန်းမှ နေ၍ ရင်ဆိုင်ထားသည်။ မချစ်ပိုသည် ကေအင်ဒီအို များ တပ်စွဲထားသော လေ့ကျင့်ရေး တပ်ကုန်း၊ ဆေးတပ်ကုန်း များသို့ နည်းအမျိုးမျိုးဖြင့် ဝင်ရောက်ကာ ရန်သူသတင်းကို တပ်မတော်သို့ ထောက်လှမ်းပေးခဲ့သည်။ ထို့ပြင် တစ်ခါတစ်ရံ ရန်သူ အဖွဲ့ငယ် သုံးလေးဦးနှင့် တွေ့၍ အခွင့်သာသည့်အခါတွင် လက်ပစ်ဗုံးဖြင့် ထုလာခဲ့သည်။ ထို့နောက် မချစ်ပိုသည် ရဲဘော်များနှင့် အတူပူးပေါင်း၍ ညတိုက်ပွဲများဆင်နွဲခဲ့သည်။

ယင်းနောက် မကြာမီမှာပင် ရန်သူနှင့် အဆက်အသွယ်ရှိသော အမျိုးသမီး တစ်ဦး၏ လက်ထောက်ချမှုကြောင့် မချစ်ပို၏ လှုပ်ရှားများကို ရန်သူအဖွဲ့က သိရှိကာ အဖမ်းခံရသည်။ ထို့နောက် အမျိုးမျိုး စစ်ဆေး၍ ရက်စက်စွာ သတ်ဖြတ် လိုက်ကြသည်။ ဤသို့ဖြင့် မချစ်ပိုသည် ၁၉၄၉ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့ အသက် ( ၄၂ )နှစ်အရွယ်တွင် ကျဆုံးသွားခဲ့ရရှာသည်။ မချစ်ပို ကျဆုံးသော နေ့ရက်သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များက မန္တလေးမြို့ ကို ပြန်လည်သိမ်းပိုက်ပြီး ဖြစ်၍ မြို့သိမ်းအောင်ပွဲအခမ်းအနားပြုလုပ်သောနေ့ နှင့် တိုက်ဆိုင်ခဲ့လေသည်။

မချစ်ပို ၏ အလောင်းကို သုံးလေးရက် အကြာတွင် ပြန်ဖော်သောအခါ ပုတ်သိုးနံစော်ခြင်းမရှိဟု ဆိုသည်။ ထို့နောက် ၁၉၄၉ ခုနှစ်၊ မေလ (၁၆) ရက်နေ့တွင် မချစ်ပို ၏ ရုပ်အလောင်းကို စစ်အခမ်းအနားဖြင့် ပြင်ဦးလွင် မြို့ ထုံးဘိုရပ်တွင် ဂူသွင်းသဂြိုဟ်ခဲ့ကြသည်။

(၁၉၅၀)ပြည့်နှစ် မြန်မာ့ လွတ်လပ်ရေး ဒုတိယ နှစ်ပတ်လည် (၁၉၅၀ပြည့် ဇန်နဝါရီ ၄ရက်) နေ့တွင် မချစ်ပို ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှု များကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်က သူရ ဘွဲ့ကို ထိုက်တန်စွာ ဂုဏ်ပြု ချီးမြှင့် ခဲ့လေသည်။

သူရ မချစ်ပို သည် မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော သူရဘွဲ့ရ အမျိုးသမီး အဖြစ် ယနေ့တိုင် ရပ်တည်ဆဲ ဖြစ်သည်။ ဒီနေ့ခေတ်တွင် သူရမချစ်ပို၏ အမည်အား သူရဲကောင်းဗိမာန် (နေပြည်တော်)၌ မော်ကွန်းတင်ကမ္ပည်းရေးထိုးထားရှိသည်။

သူမ၏ဇာတိ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သောကြာပြင်ပန်းခြံ၌ သူရမချစ်ပို ရုပ်တု ထွင်းထုထားရှိသည်။

မချစ်ပို၏ အာဇာနည်စိတ်ဓာတ်ကို အောက်မေ့သတိရသော အားဖြင့် သူရ မချစ်ပို၏ နှစ် ၁၁၀ ပြည့် အထိမ်းအမှတ် ပွဲကို ပြင်ဦးလွင်မြို့ ၌ ပြင်ဦးလွင် မြို့နယ် စာရေးဆရာ အသင်းက ဦးဆောင်၍ ၂၀၁၈ ဖေဖော်ဝါရီလ တွင် ကျင်းပခဲ့သည်။

အောင်ဆန်းသူရိယဘွဲ့ရရှိသူများအကြောင်းကို လူတော်တော်များကြားဘူး၊ ဖတ်ဘူးကြသော်လည်း သူရဘွဲ့ရရှိသူမချစ်ပိုအကြောင်းကိုကြားသိသူနည်းလိမ့်မည်ထင်ပါသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးနှင့်တဦးတည်းသောအမျိုးသမီး သူရဘွဲ့ရရှိသူမှာ မချစ်ပိုဖြစ်ပါသည်။

မချစ်ပိုကို ၁၉၀၇ ခုနှစ်တွင် ထားဝယ်မြို့တွင်မွေးဖွားခဲ့သည်။ အရပ် ၅ပေ၊ ၃လက်မခန့်ရှိပြီး၊ အသားမဖြူမညိုနှင့်ကြည့်ကောင်းသောမိန်းကလေးတဦးဖြစ်သည်။ သူမဟာထားဝယ်သူပီပီ စကားသံဝဲဝဲနဲ့စိတ်ထားဖြူစင်သူဖြစ်တာကြောင့် လူချစ်လူခင်ပေါသူတဦးဖြစ်ပါတယ်။ စကားပြောရင်လည်း ခပ်ပြတ်ပြတ်ပြောလေ့ရှိသလို အလုပ်လုပ်ရင်လည်း ပြတ်ပြတ်သားသားလုပ်တတ်ပါတယ်။

မချစ်ပိုသည် ၁၉၄၇ ခုနှစ်တွင် သူမရဲ့မောင်တယောက် ဘီအီးတပ်ထဲဝင်ရောက်သွားတော့ မောင်ငယ်ကိုလိုက်ရှာရင်းပြင်ဦးလွင်ကိုရောက်သွားပါတယ်။ ပြင်ဦးလွင်မြို့ရှိ ဦးကြွယ်၊ ဒေါ်ပုတို့၏မွေးစားသမီးကဲ့သို့ချစ်ခင်ရင်းနီးသွားပြီး ၎င်းအိမ်တွင်ဆက်လက်နေထိုင်သွားလေသည်။ ထို့နောက် ဦးကြွယ်၊ ဒေါ်ပုတို့နှင့်ရင်းနီးသူ ဘီအီးတပ်မှတပ်ကြပ်လှမောင်နှင့်လူငယ်သဘာဝချစ်ကျွမ်းဝင်ကာ တပ်ကြပ်လှမောင်နှင့်လက်ထပ်ခဲ့ပါသည်။ တပ်ကြပ်လှမောင်မှာ တပ်တွင်းတွင် စားရေးသောက်ရေးကိုတာဝန်ယူရသောကြောင့် ထမင်းချက်လှမောင်ဟုလူသိများသည်။ သူသည်ထမင်းချက်တာဝန်ယူထားရသော်လည်း အခြေအနေအရတိုက်ခိုက်သည့်အဖွဲ့ထဲပါရင်ပါသွားတတ်သည်။

၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် KNDO တပ်များသည်ပြင်ဦးလွင်မြို့အားအလစ်အငိုက်ဝင်ပြီးစီးနင်းတိုက်ခိုက်သိမ်းပိုက်လိုက်သည်။ ထိုအချိန်ကပြင်ဦးလွင်တွင် ဗိုလ်မှူးထင်ပေါ်နှင့်ဗိုလ်ကြီးဘဖြူဦးဆောင်သော အမှတ်(၁)ဘီအီးတပ်ခွဲနှင့်အမှတ်(၂)တို့သည် ရရာလက်နက်ခဲယမ်းများကိုစုဆောင်းသိမ်းဆည်းကာ လားရှိုးဖက်သို့ဆုတ်ခွာသွားခဲ့ကြသည်။ ထိုသို့ဆုတ်ခွာသွားသောတပ်များသည် လားရှိုးတွင်ပြန်လည်စုစည်းကာ ပြင်ဦးလွင်သို့ပြန်လည်ချီတက်လာကြသည်။ ပြင်ဦးလွင်ရေချမ်းအိုးရွာဖက်တွင်တိမ်းရှောင်နေကြသော ဘီအီးတပ်မှအရာရှိစစ်သည်များနှင့်ကျန်တပ်ပေါင်းစုံမှတပ်ဖွဲ့တို့လာရောက်ပူးပေါင်းကြသည်။ တပ်ပေါင်းစုအင်အားဖြင့် ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင်ပြန်လည်တိုက်ခိုက်ရာ ဘီအီးတပ်ကုန်း(ယခုပြင်ဦးလွင်အင်ဂျင်နီယာတပ်)နေရာကို ပြန်လည်သိမ်းပိုက်ရရှိခဲ့သည်။ ထို့အပြင်မြို့တွင်းတိုက်ပွဲအဖြစ်ဆက်လက်တိုက်ခိုက်သောတပ်ဖွဲ့များသည်လည်း မြို့မရုပ်ရှင်ရုံအထိသိမ်းပိုက်လိုက်နိုင်ခဲ့သည်။ အင်ဂျင်နီယာတပ်မှဦးဆောင်ကာ ပြင်ဦးလွင်မြို့ကိုပြန်လည်တိုက်ခိုက်ခဲ့သော ဖေဖော်ဝါရီလ (၂၄)ရက်နေ့အား အင်ဂျင်နီယာတပ်ဖွဲ့နေ့အဖြစ်ဂုဏ်ပြုမှတ်တမ်းတင်ခဲ့သည်။

ထိုသို့ဖေဖေါ်ဝါရီ(၂၄)ရက်တွင်စခန်းများရှိပြီးဖြစ်သော်လည်းမြို့တွင်းတိုက်ပွဲများဆက်လက်ဖြစ်ပွားဆဲဖြစ်ပြီးတဖက်နှင့်တဖက်ခြေကုတ်စခန်းများကိုအားပြုကာအဖွဲ့ငယ်များစေလွှတ်၍အပြန်အလှန်သတင်းထောက်လှမ်းတိုက်ခိုက်နေကြလေသည်။ မြို့ပေါ်တွင်လည်းလေ့ကျင့်မှုမရှိသောအရပ်သားများသည်ပင်ရရာလက်နက်စွဲကိုင်ပြီးတပ်နှင့်ပူပေါင်းတိုက်ပွဲဝင်ကြလေသည်။ ဤအခြေအနေတွင်ခက်ခဲသောကိစ္စရပ်တခု မှာရန်သူသတင်းထောက်လှမ်းရေးရရှိရေးပင်ဖြစ်သည်။ ထိုစဉ်ကဘီအီးကုန်းမှထွက်လိုက်သည်နှင့်ရန်သူသည်ယောင်္ကျားမှန်သမျှအားဖမ်းဆီးခြင်း သို့မဟုတ်ပစ်ခတ်ခြင်းများပြုလုပ်လျှက်ရှိပြီး၊ မိန်းမများမှာဈေးရောင်းခြင်း၊ နွားကျောင်းခြင်းများဖြင့်ဝင်ထွက်လျှက်ရှိလေသည်။ ဘီအီးတပ်ဦးစီးသောတပ်ပေါင်းစုအတွက်အခက်အခဲဖြစ်ပေါ်လျှက်ရှိသောသတင်းထောက်လှမ်းရှိရေးအတွက်မိမိဆန္ဒအလျောက် တာဝန်ယူလိုက်သူမှာထားဝယ်သူမလေး မချစ်ပိုပင်ဖြစ်ပါသည်။ မချစ်ပို၏ယောင်္ကျားဖြစ်သူတပ်ကြပ်လှမောင်အပါအဝင်အင်ဂျင်နီယာတပ်ဖွဲ့များသည်လေ့ကျင့်ရေးတပ်ကုန်းတွင်ရင်ဆိုင်ထားစဉ်တဖက်နှင့်တဖက်အဖွဲ့ငယ်များဖြင့်အပြန်အလှန်ပစ်ခတ်ကြရာမှ တပ်ကြပ်လှမောင်အားသေနတ်ထိမှန်ကာဒဏ်ရာရှိခဲ့လေသည်။

ဗိုလ်ကြီးဘဖြူတို့ကမချစ်ပိုအားခေါ်ယူတွေ့ဆုံပြီး “ကဲ – မချစ်ပို ခင်ဗျား တာဝန် ယူနိုင်မယ် ဆိုရင် ခင်ဗျား ကို မိန်းမ ထောက်လှမ်းရေး လုပ်ခိုင်း ရမှာ ပဲ၊ ရန်သူ ရဲ့ လက် နက်ကြီး တွေ၊ စက် သေနတ် တွေ ပစ်တဲ့ နေရာ ကို ကျွန်တော် တို့ သိချင် တယ်။ ခက် တာက ဘီအီးဒီတီ ကုန်းဘက် ကို ထွက်လိုက် ရင် ယောက်ျား မှန်သမျှ ကို ရန်သူ က ဖမ်းတယ်၊ ပစ်တယ်။ ခင်ဗျား တို့ မိန်းမ တွေ ကျတော့ ဟိုဘက် ဒီဘက် ကူးပြီး ဈေးရောင်း နေကြ တာ တွေလည်း ရှိတော့ ရိပ်မိ မှာ မဟုတ် ဘူး၊ မချစ်ပို ဘယ်လို သဘော ရ သလဲ” ….

“ဖြစ်ပါတယ်စစ်သား မယား ဟာ စစ်သမီး ဘဲ ပေါ့၊ ကျွန်မ ကို ဓားတို တချောင်း ပေးပါ၊ ပြီးတေ့ လက်ပစ်ဗုံး လဲ ပေးထား၊ ကျွန်မ ကို ကိုလှမောင် သင်ပေး ထား လို့ လက်ပစ်ဗုံး ကောင်း ကောင်း ပစ်တတ်ပါတယ်”….

သို့နှင့်မချစ်ပိုတယောက်သည်ဓားတိုတလက်နှင့်လက်ပစ်ဗုံးတို့ယူဆောင်ကာ ခမောက်ဆောင်းကာ၊ တုတ်တချောင်း၊ လွယ်အိပ်တလုံးတို့ဖြင့် နွားကျောင်းသမားပုံသဏ္ဍာန်ဖြင့် KNDO တပ်များတပ်စွဲထားသော လေ့ကျင့်ရေးတပ်ကုန်း၊ ဆေးတပ်ကုန်းများဘက်သို့နည်းမျိုးစုံဖြင့်ဝင်ရောက်ကာ ရန်သူ၏လက်နက်ကြီးများထားရှိရာနေရာ၊ ကွပ်ကဲရေးရုံးတည်နေရာနှင့် အခြားထောက်လှမ်းရေးလုပ်ငန်းများကိုလည်းလုပ်ဆောင်ခဲ့လေသည်။

ရန်သူသည်နွားတအုပ်နှင့်မချစ်ပိုအားနွားကျောင်းနေသည်ဟုသာထင်နေကြလေသည်။ မချစ်ပိုသည်နွားကျောင်းရင်းဖြင့်ရန်သူလက်နက်ကြီးပစ်ကူနေရာများ၊ စစ်သေနတ်ကြီးများချထားသည့်နေရာများအားတပ်ဖွဲ့ထံသတင်းပြန်လည်ပို့ပေးနိုင်ခဲ့လေသည်။ တခါတရံရန်သူအဖွဲ့ငယ်သုံးလေးဦးခန့်တွေ့ဆုံစဉ်အခွင့်သာပါကလက်ပစ်ဗုံးဖြင့်တိုက်ခိုက်လာခဲ့ရာရန်သူတပ်ဖွဲ့များအတော်ပင်အထိနာခဲ့လေသည်။

ထို ထက်ပို ၍ ခံစား ရ သည်မှာ မိန်းကလေး တစ်ဦး မိုးပေါ် က ကျလာ သလို ပေါ်ပေါက် လာပြီး တိုက်ခိုက် ခံရ ဖန် များ လာသော အခါ ရန်သူ တွေ စိတ် ဓာတ် ချောက်ချား မှု ဖြစ်လာ ရခြင်း ပင်။ ဗုံးကွဲသံ ကြား၍ ထလိုက် ပြန် လျှင် လည်း မချစ်ပို ကို မီလိုက် သည် ဟူ၍ မရှိ။ ကိုယ်ယောင် ဖျောက်ပြေး သည် ဟု ထင်နေ ကြ၏။ ဤ သို့နှင့် မချစ်ပို ၏ အကူ အညီ ဖြင့် ရန်သူ အတော် များများ ကို ထိခိုက် ကျဆုံး စေ ခဲ့၏။ စစ်ဆင်ရေးတွင်ကျင်လည်လာသော မချစ်ပိုသည်လက်ရှိလုပ်ဆောင်ချက်အားအားမလိုအားမရဖြစ်ကာ ထမီအစားဘောင်းဘီဝတ်လိုကြောင်း၊ နေရာတိုင်းသုံးမရသောလက်ပစ်ဗုံးအစား သေနတ်တပ်ဆင်ပေးရန်နှင့်နေ့ခင်းဘက်တွင်ထောက်လှမ်းရရှိခဲ့သောနေရာများအားညဘက်တွင်တပ်ဖွဲ့နှင့်အတူလိုက်ပါတိုက်ခိုက်လိုကြောင်းတင်ပြခဲ့လေသည်။

မချစ်ပို၏တင်ပြချက်အား ဗိုလ်ကြီးဘဖြူမှသဘောတူကာရိုင်ဖယ်ဖြင့်အဆင်မပြေနိုင်သဖြင့် မချစ်ပိုအားခြောက်လုံးပြူးထုတ်ပေးလိုက်သည်။ မချစ်ပိုသည်နေ့ခင်းဘက်တွင်သတင်းထောက်လှမ်း၍ညဘက်တွင်ညတိုက်ပွဲများဆက်လက်ဆင်နွှဲကြလေသည်။ မချစ်ပိုပါဝင်သောတပ်ဖွဲ့၏တိုက်ခိုက်မှုများကြောင့် KNDO တပ်ဖွဲ့များမှာ များစွာအထိနာခဲ့လေသည်။ ထောက်ပံ့ရေးကုန်းသို့ဝင်စီးသောညတွင်ကား မချစ်ပိုကို ကျည်ထိမှန်လေတော့သည်။ နေ့ခင်းဘက်ကမချစ်ပိုဝင်ရောက်ထောက်လှမ်းရရှိခဲ့သည့် လက်နတ်ကြီးနေရာအားတပ်ဖွဲ့မှနောက်ပိုင်းမှမော်တာဖြင့်ဦးနှိမ်ပစ်ခတ်ထားပြီး၊ မချစ်ပိုပါဝင်သောအဖွဲ့ကရန်သူ၏ခံစစ်စည်းထဲသို့အတင်းထိုးဖောက်ဝင်ရောက်သွားကြလေသည်။ ရန်သူများခေါင်းမထောင်နိုင်အောင်ဖြစ်နေချိန်တွင်စစ်သည်များကလှံစွပ်ဖြင့်တက်ထိုးရန်ပြင်ဆင်ကြလေရာ မချစ်ပိုကလက်မခံပဲလက်ပစ်ဗုံးဖြင့်ပစ်မည်ဟုဆိုကာလှိမ့်၍ချည်းကပ်သွားလေသည်။ မချစ်ပိုအပစ်မခံရစေရန်စစ်သည်များကကာပစ်ပစ်ပေးရင်းယောင်ပြလှုပ်ရှားမှုများပြုလုပ်ပေးကြလေသည်။ ရန်သူသေနတ်သံများရပ်စဲသွားခဲ့ပြန်လေသည်။ မချစ်ပိုကားထပ်မံလက်စွမ်းပြခဲ့ပြန်လေသည်။ ချည်းကပ်မျဉ်းမှပြန်အထွက်တွင်မချစ်ပိုကိုလှိမ့်မှောက်ပြီးဆုတ်ခဲ့ရန်ပြောသော်လည်းရန်သူအားအထင်သေးမိကာမတ်တပ်ပ
ပြန်လာခဲ့ခြင်းကြောင့်ရန်သူသေနတ်သံတချက်ထွက်ပေါ်လာပြီးမချစ်ပိုဗိုက်ကိုလက်နှင့်ဖိကာလဲကျသွားခဲ့ရလေသည်။ မချစ်ပိုကားသတ္တိကောင်းလှပေသည်။ဒဏ်ရာရသည့်တိုင်ညည်းညူခြင်းမရှိ၊ဗိုက်ကိုအဝတ်ဖြင့်ပတ်ပြီးဖိထားလေသည်။ ရဲဘော်များမချစ်ပိုကိုပွေ့ကာမြို့ထဲဖက်သို့ခေါ်ဆောင်သွားကြလေသည်။

ထို့နောက် နယူးဆေးတိုက်မှဆရာဝန်ဒေါက်တာဘရှင်ရောက်ရှိလာပြီး မချစ်ပိုအားကားဖြင့်တင်ကာဆေးတိုက်တွင်ညတွင်းချင်းခွဲစိတ်ကုသပေးလေသည်။ ထို့သို့ခွဲစိတ်ကုသပြီးသောအချိန်တွင် KNDO အဖွဲ့များကမသင်္ကာသဖြင့်ဆေးတိုက်သို့လာရောက်စစ်ဆေးကြကြောင်း “ခုနက ကားနဲ့ ထွက်သွား တာ ခင်ဗျား တို့ လူနာ သွားတင် တာလား” “မဟုတ် ပါဘူး၊ လူနာ သွားကြည့်ရုံ ကြည့်တာ၊ မင်း တို့ ပစ် ခတ် နေကြလို့ ငါ ကြာကြာ မကု ရဲတာနဲ့ ပြန်လာ တာ၊ အိမ်ထဲမှာ ငါ့ သမီးတွေ ပဲ ရှိတယ်၊ မင်း တို့ ရုတ် ရုတ် မလုပ် နဲ့ ပြန်ကြ” ဒေါက်တာဘရှင်ကမင်သေသေဖြင့်ဟောက်လွှတ်သောကြောင့်ပြန်သွားကြလေသည်။

ထိုအချိန်ကခေတ်အခြေအနေရလျှပ်စစ်မီးနှင့်အောက်လင်းမီးမရှိခြင်းကြောင့်မချစ်ပို၏ဒဏ်ရာကိုဖယောင်းတိုင်မီးဖြင့်ပင်ခွဲစိတ်ကုသပေးခဲ့ကြောင်း ဒဏ်ရာအား၁၅ချက်ခန့်ချုပ်ခဲ့ရကြောင်း မချစ်ပိုသည်ထိုဆေးတိုက်မှာပင်တပတ်ခန့်ပုန်းအောင်းကာဆေးကုသနေခဲ့ရကြောင်းအနာမကျက်သေးမီမချစ်ပိုကပြန်ချင်လှပြီဆိုကာ မွေးစာဖခင်ဦးကြွယ်၏နေအိမ်သို့ပြန်ခဲ့လေသည်။

ထို အချိန် က KNDO အဖွဲ့မှ စောဘစံ ဆိုသူ မှာ ထုံးဘို ရပ်ထဲမှ မချစ်ပု ဆိုသူ ကို ယူထား ခဲ့သည်။ အရပ် ထဲမှ တခြား မိန်းကလေး များ မှာလည်း စောဘစံ နှင့် ချစ်ပု တို့ ဆက်နွှယ် မှုကြောင့် ဖျက်ဆီး ခံခဲ့ ရသည်။ “ချစ်ပု” မှာ “မချစ်ပို” နှင့် နာမည် နီး စပ် သော်လည်း စိတ်ဓါတ် က မနီးစပ်၊ သူမ အသက်ရှင် ရပ်တည်မှု ကို အခြား မိန်းကလေး များ ၏ ဘ၀ နှင့် လဲဖို့ ကြိုးစား ခဲ့သည်။ “ချစ်ပု” ၏ လက်ထောက် ချမှု ကြောင့် ရန်သူ အဖွဲ့ ကို အထိနာ အောင် တိုက်ခိုက် ခဲ့သော မိန်းကလေး မှာ မချစ်ပို ဖြစ်မှန်း သိ သွား ကြ သည်။ မချစ်ပို ၏ လှုပ်ရှားမှု ကို စောင့်ကြည့် နေ ကြ ၏။ ဆေးတိုက် မှ ဆင်းပြီး ဦးကြွယ် ၏ အိမ်တွင် ပုန်းခို နေသော မချစ်ပို ၏ သတင်း ကို KNDO အဖွဲ့ ရသွား ကြ သည်။ စော ဘစံ ခေါင်းဆောင် ပြီး လက်နက် ကိုင် လေး ငါးဦး ခန့် ဦးကြွယ် အိမ်ရှေ့ သို့ ရောက် လာ ကြ သည်။ “ကဲ မချစ်ပို ခင်ဗျား ရဲ့ လှုပ်ရှားမှု တွေ အားလုံး ကို အတိ အကျ သိထား ပြီးပြီ ၊ ငြင်းဖို့ မကြိုး စား ပါနဲ့၊ ခင်ဗျား ကြောင့် ကျုပ်တို့ အဖွဲ့ တွေ အတော် အထိ နာ ကုန်ပြီ၊ ဒီတော့ ခင် ဗျား ကျုပ် တို့ နောက်ကို လိုက် ခဲ့ပါ” “အေး ငါ လိုက်ခဲ့မယ်” မချစ်ပို ကား ထွက်ပြေး ဖို့ မကြိုးစား၊ ဓားတိ ကို သာ ဝှက်ပြီး ယူ လိုက်သည်။

ထို ရက်ပိုင်း များမှာ အင်ဂျင်နီယာ တပ်ဖွဲ့ များ ပြင်ဦးလွင်တွင် မရှိ တော့ပေ။ မန္တလေး သို့ ဆင့်ခေါ်ခြင်း ခံရ သဖြင့် ပြန်လည် ဆုတ်ခွာ သွားကြပြီး ဖြစ်ရာ ဇနီး၊ သား သမီး များ ကို ကြည့် မထား နိုင်တော့။ မိသားစု ဝင်များ မှာ ဟိုပုန်း ဒီအောင်း ဖြင့် နေခဲ့ ကြ ရှာသည်။ မချစ်ပို မှာ ဒဏ်ရာ မပျောက် ကင်းသေး သဖြင့် ကျန်ရစ် ခဲ့ရာ မှ အဖမ်း ခံ လိုက် ရခြင်း ဖြစ်သည်။ KNDO အဖွဲ့များ ကလည်း သာမန် မိသားစု ဝင်များ ကို စိတ်မဝင် စား၊ မချစ်ပို ကိုသာ သဲကြီး မဲကြီး လိုက်ရှာ နေခဲ့ ကြခြင်း ဖြစ်သည်။ မချစ်ပို ကို စောဘစံ က သူ့မယား “ချစ်ပု” အိမ်သို့ ဖမ်းခေါ် သွား သည်။ ရောက် သည် နှင့် မချစ်ပို ကို ဖမ်းချုပ် ပြီး သူမ ၏ အံသွား များကို ဓားဖြင့် ကလန့်ထုတ် ရန် ကြိုး စား ကြ သည်။ မချစ်ပို သည် အံသွား အပို (အံပွား) ပါသူ တစ်ဦး ဖြစ်သည်။ အံပွား ၏ အကျိုး ကြောင့် တော်ရုံ တန်ရုံ ဓား၊ သေ နတ်ပြီး သည့် သဘော ရှိသည်ဟုသူတို့ကယုံကြည်ကြသည်။ ထိုအံပွား ကြောင့် သူမ ကိုယ်တိုင် သာ လုံခြုံမှု ရှိ သည် မဟုတ်၊ မချစ်ပို နောက် က လိုက် ကြ သူများ သည်လည်း ကျည်ဆန် ထိမှန် ခြင်း မရှိ၊ မချစ်ပို သည် ကျည်ကွယ် သဖွယ် ဖြစ်နေ ခြင်း ကြောင့် လည်း သူတို့ အဖွဲ့ဝင် များ လှုပ်ရှာ
း တိုက်ခိုက် ကြတိုင်း တော်ရုံ တန်ရုံ မထိ မှန် ဘဲ အောင်မြင် မှု ရခဲ့ ကြသည် စသဖြင့် ယုံကြည် နေကြ သည်။

ဒီ သတင်း ကို စောဘစံ တို့ကလည်း ကြား ထားသည်။ မချစ်ပို ကို ရိုးရိုး သတ်လို့ သေမည် မဟုတ် ဟု နားလည် ထားကြ သည်။ ထို့ကြောင့် မချစ်ပို ကို ဖမ်း ခေါ် လာပြီး အိမ်ထဲ အဝင် တွင် အခန်း၀ ၌ မီးနေသည် ထမီ ကို ကပ်ရိုက် ထား သည်။ မချစ်ပို ကို ဘုန်းနိမ့်အောင် လုပ်ကြ တော့ သည်။ ပို၍ သေ ချာ အောင် မချစ်ပို ၏ အံသွား ကို နုတ်ဖို့ ကြိုးစား ကြပြန် ခြင်း ဖြစ်သည်။ ထိုသို့ကြိုးစားနေစဉ် မချစ်ပိုက ဝှက်ယူလာသောဓားတိုဖြင့်ထိုးချလိုက်လေတော့သည်။ “အောင်မလေး… တို့ကို ဓားနဲ့ ပြန်ထိုး တယ်ဟ” အံသွား ကို နုတ်ဖို့ ကြိုးစား နေကြ သူများ အော်ဟစ် ပြီး ပြိုလဲ ကျ သွား ပြန်သည်။ မချစ်ပို ကား နောက်ဆုံး အချိန် တွင်ပင် တမလွန် သို့ အဖေါ် ခေါ်သွား လိုက်သေး သည်။ စောဘစံ မခံရပ် နိုင်ဖြစ် ကာ သေနတ် ဆွဲ၍ ယူ လိုက်သည်။ ဆူညံသော သေနတ် သံများ ထွက်ပေါ် လာပြီး မချစ် ပို လဲကျ သွားတော့ သည်။ မချစ်ပို သည် ဒဏ်ရာ ပြင်းထန် စွာ ရနေ သော်လည်း အသက် က တော်တော် နှင့် မထွက်၊ အသက်ပြင်း သည် ဟု ပြောစမှတ် ပြု ခံ ရသည်။ သို့နှင့် အသက် ထွက် လောက်ပြီ ထင်တော့ မှ မချစ်ပို ၏ အလောင်း ကို ဝိုင်းသယ်မ ပြီး ရေတွင်း ထဲသို့ ပစ်ချ လိုက်ကြ သည်။ ပိုမို သေချာ စေရန် အတွက် အပေါ် မှ အုတ်ခဲ ကျိုး
များ၊ ပန်းအိုး ကွဲများ ပစ်ချ ပြီး ဖို့ထား လိုက်ကြ သည်။

ဤသို့ဖြင့်မချစ်ပိုသည်(၈.၄.၄၉)ရက်နေ့၊ အသက်(၄၂)နှစ်အရွယ်တွင်ကျဆုံးသွားရရှာလေသည်။ မချစ်ပိုကျဆုံးသောနေ့ရက်တွင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်များကမန္တလေးမြို့အားပြန်လည်သိမ်းပိုက်လိုက်သည်။

ထို့နောက်မချစ်ပိုသေဆုံးအပြီး(၃)ရက်ခန့်အကြာတွင်တပ်များပြန်လည်ရောက်ရှိလာပြီးမချစ်ပို၏အလောင်းအားပြန်လည်ဆယ်ယူကြလေသည်။ ၁၉၄၉ခုနှစ် မေလ(၁၆)ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မန္တလေး-ပြင်ဦးလွင်ကားလမ်းအား စစ်ဆေးရန်ရောက်ရှိလာသောဗိုလ်မှူးကြင်(နောင်တွင်ကျဆုံး)နှင့်စစ်သည်များသည်မချစ်ပို၏အလောင်းကိုစစ်အခမ်းအနားဖြင့်ကောင်းမွန်စွာသင်္ဂြိုလ်ခဲ့ကြလေသည်။

နိုင်ငံတော်အတွက်အသက်ကိုပဓာနမထားပဲနောက်ဆုံးအချိန်ထိရဲဝံ့စွန့်စားစွာတိုက်ပွဲဝင်ခဲ့သော“မချစ်ပို´´အား၁၉၅၀ပြည့်နှစ်၊လွတ်လပ်ရေးနေ့တွင်နိုင်ငံတော်အစိုးရမှ“သူရ´´ဘွဲ့တံဆိပ်အားချီးမြင့်ပေးအပ်ခဲ့လေသည်။

၁၉၆၀ခုနှစ်တွင် ပြင်ဦးလွင် အင်ဂျင်နီယာတပ်၌ ဗိုလ်မှူးတင်မောင်(သိပ္ပံမှူးတင်) တပ်မှူးဖြစ်သောအခါအုတ်ဂူလေးကိုပြန်လည်မွမ်းမံခဲ့ကြောင်းသိရှိရသည်။သူရမချစ်ပို၏အုတ်ဂူဖြူဖြူလေးမှာ ပြင်ဦးလွင်မြို့ ထုံးဘိုရပ်တွင်ယနေ့တိုင်တည်ရှိနေဆဲဖြစ်ပါသည်။

သူရမချစ်ပို၏နှစ်၁၁၀ပြည့်အထိမ်းအမှတ်ပွဲကို ပြင်ဦးမြို့ရှိ YMBA အဖွဲ့တွင်၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလကကျင်းပခဲ့သည်။

သူရမချစ်ပိုအထိမ်းအမှတ်ရုပ်တုကို လောင်းလုံးမြို့နယ်၊ နခံတောရွာအနီး သောကြာပြင်လမ်းဆုံ (ထားဝယ်-မောင်းမကန်ကားလမ်းနံဘေး) တွင် ၂၀၁၇ခုနှစ် သြဂုတ်လကစိုက်ထူထားခဲ့ပြီး ရုပ်တုမှာညာလက်က လက်သီးဆုပ်ပြီးမြှောက်ထားဟန်၊ ဘယ်လက်က ဓါးမြှောင်ငယ်တလက်ကိုဆုတ်ကိုင်ထားဟန်ထုလုပ်ထားပြီး၊ လက်ပစ်ဗုံးထည့်ထားသည့်လွယ်အိပ်လွယ်ထားသည့်ပုံဖြစ်သည်။

တပ်မတော်အစိုးရလက်ထက် နံမည်ကြီး ဒါရိုက်တာတင်သန်းဦးက သူရမချစ်ပိုအကြောင်းဇာတ်ကားကို သရုပ်ဆောင်မို့မို့မြင့်အောင်နဲ့အခြားသရုပ်ဆောင်များစွာဖြင့်ရိုက်ကူးခဲ့ပါတယ်။ မြဝတီရုပ်မြင်သံကြားမှာထုတ်လွှင့်ပြသဖို့ရည်ရွယ်ခဲ့သော်လည်း ပြသခွင့်မရရှိခဲ့ပါဘူး။

ဒါရိုက်တာ တင်သန်းဦး ရိုက်ကူးထား တဲ့ “သူရ မချစ်ပို” ဇာတ်ကားကို မြဝတီ ရုပ်သံလိုင်းကနေ ထုတ်လွှင့် ပြသဖို့ အစီအစဉ် မရှိသေးကြောင်းကို- “လောလောဆယ် လွှင့်ဖို့လည်း အစီအစဉ် မရှိပါဘူး။ ပြန်ရိုက်ဖို့ လည်း အစီ အစဉ် မရှိပါဘူး။ အဲဒီဟာ က ဒီကဆင်ဆာ စိစစ်တဲ့အဖွဲ့ကနေပြီး တော့ နဂိုကတည်းက ခွင့်မပြု ထားတဲ့ ဇာတ်ကားမို့လို့ပါ။ ပြန်ရိုက်ဖို့လည်း အစီအစဉ် မရှိပါဘူး။ ဘာလို့လဲဆို တော့ ဒီဇာတ်ကား မှာလည်း လိုအပ် ချက်တွေ ရှိနေလို့ ဆရာတို့ ထားထား တာပါ” လို့ ဒါရိုက်တာ တင်အောင် စိုး (ပန်းမြို့တော်) က ပြောပြခဲ့ပါ တယ်။

ဒီဇာတ်ကားမှာ ပါဝင်ရိုက်ကူး ခဲ့တဲ့ မို့မို့မြင့်အောင်ရဲ့ ရိုက်ကူးခဲ့မှု အတွေ့ အကြုံ၊ ခံစားချက်တွေ နဲ့ ပတ်သက်ပြီး မေးကြည့်ဖြစ်တော့..

“မိန်းမ သူရဘွဲ့ရတာ ဆိုလို့ မချစ်ပို တယောက်ပဲရှိတာလေ။ တကယ့် အဖြစ်အပျက်ကြီး တခု ပေါ့။ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က ပြန်ရိုက်ခဲ့တာ။ အပြင်မှာ သူတကယ့် အဖြစ်တော့ မသိဘူး။ ပြန်ရိုက်တဲ့ ကိုယ်တောင် တော်တော် ပင်ပန်းတယ်။ တကယ့် စက်သေနတ်ကြီး ကိုင်ပြီး တောင်တပတ် ပတ်ရတာ။ ဗိုလ်မှူး တင်သန်းဦးက ကျည်ဖောက် တော့ သေနတ် အစစ်နဲ့ဖောက်တာ။ အဲဒီ ကားရိုက်ခဲ့တော့ မပြဖြစ်ခဲ့ဘူး။ ကိုယ်က ပင်ပင်ပန်းပန်း လုပ်ခဲ့ရ တော့ ပြစေချင်တယ်။ အဲဒီကား နောက်ဆုံး မှာ မချစ်ပိုရဲ့ အုတ်ဂူလေးကို ထည့် ရိုက်ထားတယ်။ အဲဒီ အုတ်ဂူကိုသွား ပြီးတော့ မမို့ကိုယ်တိုင် ဒိုင်ယာလော့ တွေပြောပြတယ်။ ကိုယ် အတုလုပ်တဲ့ သူတောင် ပင်ပန်းလိုက်တာ။ အစစ် ဖြစ်တဲ့ မချစ်ပိုသာဆို ဘယ်လောက် ပင်ပန်းလိုက်မလဲလို့ သွားပြောခဲ့တယ်။ အဲဒါကိုလည်း ဇာတ်ကားထဲမှာ ထည့် ရိုက်ထားတယ်။ လမ်းဘေးမှာ အုတ်ဂူ လေးက ဘယ်သူမှလည်း မသိကြ ဘူး။ဒီလို လူမျိုးရှိ ခဲ့တယ် ဆိုတာ အခုခေတ် လူငယ်တွေသိမှာ တောင် မဟုတ်တော့ဘူး။ အဲဒါကြောင့်ဒီ ကားလေး ကို ပြန်ပြစေချင်တာ။ အဲဒီ တုန်းကတော့ ဆင်ဆာ ကို ရှောင်ပြီး တချို့တွေ ကိုနည်းနည်းလေး ပြတယ်ဆိုရုံရှောင်ပြီး ရိုက်ခဲ့ရတာ။ အခုအ ချိန်သာဆို ဆင်ဆာလည်း ရနေပြီဆို တော့သေချာတယ်။ တော်တော်ရိုက် ပြ လို့ကောင်း မှာ။ တကယ့် အဖြစ်အပျက် ဆိုတော့ တော်တော်လည်း တာဝန် ကြီးတယ်။ သူ့ကိုယ်စားသူ့ ဂုဏ်ကို ပြ ခွင့်ရဖို့ ရိုက်ခဲ့တဲ့ အတွက် ဂုဏ်ယူစ ရာလည်းကောင်းတယ်။ ဒါပေမဲ့ ပြ ခွင့် မရခဲ့ဘူး။ဒီလိုမျိုး ရှိခဲ့တယ် ဆိုတာသိစေ ချင်တယ်”လို့ ပြောပြခဲ့ ပါတယ်။

၂၀၁၇ခုနှစ်မှာ ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က သူရမချစ်ပိုဇာတ်လမ်းကို သရုပ်ဆောင် ခန့်စည်သူ၊ စိုးမြတ်သူဇာတို့နဲ့ထပ်မံရိုက်ကူးခဲ့ကြောင်းသိရှိရပါတယ်။ မချစ်ပို နေရာမှာ သရုပ်ဆောင် စိုးမြတ်သူဇာ က ပါဝင်သရုပ်ဆောင် ထားပါတယ်။ ” ဒီဇာတ်ကားက အသက်ကြီးမှ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ ရိုက်ရတဲ့ ရုပ်ရှင်ဆိုရင်လည်း မမှားပါဘူး။ ဇာတ်ကားက ရိုက်လို့ မပြီးသေးတော့ ပြောရမှာ နည်းနည်းတော့ စောနေသေးတယ်။ ရိုက်ပြီးသွားရင်လည်း ဒီဇာတ်ကားကို ရုံတင်နိုင်ဖို့ကို စောင့်ဦးမယ်။ “သူရ မချစ်ပို” ရုပ်ရှင် ဇာတ်ကားကိုတော့ ပရိတ်သတ်လက်ထဲကို သိပ်နောက် မကျအောင်တော့ တင်ပြချင်ပါတယ်….” လို့ စိုးမြတ်သူဇာ ကပြောပြပါတယ်။

မှီငြမ်း-

-သမိုင်းတကွေ့မှအကျော်ဇေယျမြန်မာအမျိုးသမီးများ (သန်းဝင်းလှိုင်)

-မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အရေးတော်ပုံမှတ်တမ်း-ဇေယျကျော်ထင်ဗိုလ်မှူးဟောင်းသိန်းမောင်

-Myanmar Celebrity web site

crd_to_owner Saryar AyeKoKo

နော်ဂဲလယ်ထူး (စာပေပရဟိတ)

📚 ဗဟုသုတအဖြစ် တဆင့်ပြန်လည်မျှဝေခြင်း ဖြစ်တာကြောင့်၊ မူရင်းရေးသားသူနှင့် ဓာတ်ပုံပိုင်ရှင်များကို လေးစားစွာ Credit ပေးပါတယ်။ 😇

All rights and credits go to rightful owner.


Comments

Leave a Reply

Your email address will not be published. Required fields are marked *