စစ်ကောင်စီရဲ့ အစည်းအဝေးမှာ ဒုစစ်ခေါင်းဆောင် တက်ရောက်တာမတွေ့

လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ ဒုတိယ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ဒီနေ့ ကျင်းပတဲ့ စစ်ကောင်စီရဲ့အစည်းအဝေးမှာ တက်ရောက်လာတာ မတွေ့ရပါဘူး။

ဒီနေ့ မှာကျင်းပတဲ့ စစ်ကောင်စီအဖွဲ့ရဲ့ အစည်းအဝေးကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကလွဲရင် ကျန်တဲ့သူတွေအားလုံးနီးပါးတက်ရောက်တာတွေ့ရပါတယ်။

အစည်းအဝေး ခန်းမ ဖွဲ့စည်းပုံအရ စစ်ခေါင်းဆောင်က ထိပ်ဆုံးကထိုင်ပြီး သူရဲ့ ယာဘက်ခြမ်း ပထမဆုံးထိုင်ခုံမှာ စစ်ကောင်စီရဲ့ ဒုတိယ ခေါင်းဆောင်ကိုနေရာချထားပေးတာပါ။

ဒီနေ့အစည်းအဝေးမှာတော့ အဲဒီထိုင်ခုံနေရာ လစ်လပ်နေတာတွေ့ရပါတယ်။ ဒါပေမယ့် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် MRTV နဲ့ စစ်တပ်ဝါဒဖြန့် မြဝတီ ရုပ်သံသတင်းတွေမှာ အဲဒီထိုင်ခုံ လစ်လပ်နေတာကို အနီးကပ် ပြသမျိုးမလုပ်ပါဘူး။

စစ်ကောင်စီရဲ့ ဒုခေါင်းဆောင်ဟာ ဧပြီလ ၃ ရက်က ဗထူးတပ်နယ်က ဗိုလ်သင်ကျောင်းဆင်းပွဲကို တက်ရောက်ပြီးတဲ့နောက်ပိုင်းမှာ လူမြင်ကွင်းကနေ ဒီနေ့အထိပျောက်ကွယ်နေတာပါ။

ဒုစစ်ခေါင်းဆောင်ဟာ ဧပြီလ ဒုတိယပတ်အတွင်း မော်လမြိုင်မှာရှိတဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် မှာအစည်းအဝေးလုပ်နေချိန် ဒရုန်းနဲ့တိုက်ခိုက်ခံရရာမှာ ထိခိုက်ဒဏ်ရာရသွားတယ်လို့လည်း သတင်းထွက်နေပါတယ်။

အဲဒီသတင်းကိုတော့ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လပိုင်းအကြာက ပြင်ဦးလွင်မှာ စစ်တပ်လေယာဉ်ပျက်ကျရာ စစ်ကောင်စီ ဒုခေါင်းဆောင် ပါဝင်သွားတယ်လို့ ကောလဟလ ထွက်ခဲ့ဖူးပါတယ်။

အဲဒီအချိန်ကတော့ စစ်ကောင်စီဘက်က ချက်ချင်းဆိုသလို ဒုစစ်ခေါင်းဆောင် နိုင်ငံတာဝန်ထမ်းဆောင်နေဆဲလို့ ထုတ်ပြန်တာမျိုးလုပ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ၁၉ ရက်ကြာတဲ့အထိ ဒုစစ်ခေါင်းဆောင် လူမြင်ကွင်းက ရုတ်တရက် ပျောက်သွားသလို သူရဲ့ လှုပ်ရှားမှုသတင်းတွေကိုလည်း စစ်ကောင်စီက ဖော်ပြတာမျိုးမရှိပါဘူး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *